ငွေကြေးလဲလှယ်မှုနှုန်းကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတဲ့ လုပ်ငန်းစဉ်ကို နည်းလမ်း ရှာဖွေကြဖို့ G-20 လို့ခေါ်တဲ့ စက်မှုထိပ်သီး နိုင်ငံကြီး ၂၀ က ခေါင်းဆောင်တွေ တောင်ကိုရီးယားနိုင်ငံမှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။
တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ Gyeongju မှာ အဖွဲ့ဝင် နိုင်ငံ ၂၀ လုံး မတွေ့ဆုံခင် ကမ္ဘာ့အင်အားအကြီးဆုံး စက်မှုထိပ်သီး ၇ နိုင်ငံက ခေါင်းဆောင်တွေ ခပ်မြန်မြန် တွေ့ဆုံခဲ့ကြပါသေးတယ်။ ငွေကြေး သတ်မှတ်မှုနှုန်း မတူညီတဲ့အပေါ် တနိုင်ငံချင်းစီက ကန့်ကွက်ကြတဲ့အဖြစ်မျိုး ရောက်မှာကို အဖွဲ့ဝင်နိုင်ငံတွေက ရှောင်ရှားလိုကြတယ်လို့ အဖွဲ့ရဲ့ အလှည့်ကျဥက္ကဌ ကနေဒါ ဘဏ္ဍာရေးဝန်ကြီး Jim Flaherty က ပြောပါတယ်။
တိုင်းပြည်တခုချင်းစီက သူတို့ရဲ့ ကုန်ပစ္စည်း ဈေးနှုန်းတွေ သက်သာပြီး ပြည်ပပို့ကုန် မြင့်တက်လာအောင် သူတို့ ငွေဈေးနှုန်းတွေကို လျော့ချခဲ့ကြတဲ့အတွက် လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်း သဘောထား ကွဲပြားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ သဘောတူညီချက် တစုံတရာမရဘဲ ဒီ တောင်ကိုရီးယားဆွေးနွေးပွဲကနေ G-20 ခေါင်းဆောင်တွေ ဌာနေ မပြန်ချင်ကြဘူးလို့ ဆိုပါတယ်။
အမေရိကန်နဲ့ အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက တရုတ်နိုင်ငံဟာ ကုန်သွယ်မှု အသာစီးရအောင် သူ့ရဲ့ ယွမ်ငွေတန်ဖိုးကို တမင် နိမ့်ချထားတယ်လို့ ပြောဆိုနေကြပါတယ်။