အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ တခုတည်းသော မဟာအင်အားကြီးနိုင်ငံဖြစ်တဲ့အတွက် ISIL အကြမ်းဖက်အုပ်စုကို ချေမှုန်းရေး၊ အနောက်အာဖရိက အီဘိုလာရောဂါတိုက်ဖျက်ရေး၊ ကမ္ဘာ့ရာသီဥတု ပူနွေးလာမှုကို ကိုင်တွယ်ဖြေရှင်းရေး စတဲ့ ကမ္ဘာ့ပြဿနာတွေကို ဦးဆောင် ဖြေရှင်းဖို့ ထူးခြားသော တာဝန် ရှိနေတယ်လို့ သမ္မတ အိုဘားမားက ပြောကြားလိုက်ပါတယ်။
အာရှပစိဖိတ်ဒေသအရေးကို အမေရိကန်အစိုးရအနေနဲ့ ဆက်လက် အာရုံစူးစိုက်သွားမယ်လို့လည်း G-20 ထိပ်သီး အစည်းအဝေးပွဲအတွက် ရောက်ရှိနေစဉ် Queensland တက္ကသိုလ်မှာ သမ္မတ အိုဘားမားက စနေနေ့မှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။
အာရှဒေသရဲ့ ထိရောက်သောလုံခြုံရေးကို သြဇာရပ်ဝန်း ထူထောင်မှု၊ နိုင်ငံကြီးတွေက နိုင်ငံငယ်တွေအပေါ် နိုင့်ထက်စီးနင်းပြုလုပ်မှုတွေအပေါ်မှာ အခြေမခံဘဲ မဟာမိတ်ဖွဲ့စည်းမှုနဲ့ နိုင်ငံတကာ ဥပဒေအပေါ်မှာသာ မူတည်ရမယ်လို့ အမေရိကန်သမ္မတက ပြောကြားလိုက်ပါတယ်။
တရားဝင်လုပ်ပိုင်ခွင့်ဆိုတာဟာ ဒီမိုကရေစီနဲ့ အများပြည်သူတို့ရဲ့ သဘောတူညီမှုသည်သာလျှင် တရားဝင်လုပ်ပိုင်ခွင့်အတွက် တခုတည်းသော စစ်မှန်သော အရင်းအမြစ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ရာသီဥတုပြဿနာ ဖြေရှင်းရေးမှာ ကူညီဖို့အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃ ထောင် ထည့်ဝင်ဖို့လည်း ကြေညာသွားပါတယ်။