သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G7 မှာ အမေရိကန် ကုန်သွယ်ရေးမူဝါဒများ ရပ်ခံဆွေးနွေးမည်


၂၀၁၇ G7 ထိပ်သီးဆွေးနွေးပွဲ
၂၀၁၇ G7 ထိပ်သီးဆွေးနွေးပွဲ

ကနေဒါနိုင်ငံမှာ ဒီသီတင်းပတ်ထဲ ကျင်းပမယ့် စက်မှုထိပ်သီး ၇ နိုင်ငံ (G-7) ညီလာခံအတွင်း အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ မူဝါဒတွေအပေါ် မဟာမိတ်တွေက ဝေဖန်မှုတွေ ကြုံရနိုင်ပေမဲ့ သမ္မတ Donald Trump ကတော့ သူ့မူဝါဒအတိုင်း အခိုင်အမာ ရပ်တည်သွားမှာဖြစ်ကြောင်း သမ္မတရဲ့ ထိပ်တန်းစီးပွားရေး အကြံပေးပုဂ္ဂိုလ်က ပြောဆိုလိုက်ပါတယ်။

ခက်ခဲတဲ့ ကိစ္စတွေ ဖြစ်ပေမဲ့ သမ္မတ အနေနဲ့ သက်တောင့်သက်သာ ရှိနေတဲ့အကြောင်း အမျိုးသားစီးပွားရေးကောင်စီ ညွှန်ကြားရေးမှူး Larry Kudlow က ပြောဆိုခဲ့သလို၊ G-7 အဖွဲ့ဝင်နိုင်ငံတွေနဲ့ အမေရိကန် ပြည်ထောင်စုကြား တင်းမာမှုတွေကတော့ တခုမဟုတ်တခု ရှိနေတဲ့အကြောင်းလည်း ပြောဆိုခဲ့တာပါ။

အမေရိကန် အနေနဲ့ တရုတ်နိုင်ငံနဲ့ရော မဟာဗျုဟာမြောက် မိတ်ဖက်နိုင်ငံတွေနဲ့ပါ ကုန်သွယ်ရေးစစ်ခင်းနေတာ မဟုတ်ကြောင်း ပြောခဲ့ပေမဲ့ အမေရိကန် လုပ်ငန်းတွေနဲ့ အလုပ်သမားတွေကို အကာအကွယ် ပေးနိုင်အောင် တတ်နိုင်သမျှ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ မနေ့တုန်းက ရောက်နေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Jim Mattis ကလည်း အမေရိကန်ရဲ့ အခွန်စည်းမျဉ်းသစ်တွေကို ကုန်သွယ်ရေးစစ်ပွဲအဖြစ် မသတ်မှတ်နိုင်သေးကြောင်း ပြောဆိုခဲ့သလို၊ အမေရိကန် အနေနဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ မျှတတဲ့ အပြန်အလှန် ကုန်သွယ်မှုတွေကိုသာ တောင်းဆိုနေတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မဟာမိတ်တွေနဲ့ စီးပွားရေးအရ အချေအတင်ဖြစ်နေတဲ့ ကိစ္စတွေဟာ စစ်ဘက်နဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ထိခိုက်စရာ မရှိကြောင်းလည်း ပြောဆိုခဲ့တာပါ။ ကနေဒါနိုင်ငံ Quebec မှာ မနက်ဖြန်သောကြာနေ့ကစလို့ စနေနေ့အထိ ကျင်းပမယ့် G-7 ထိပ်သီးညီလာခံအတွက် ပြင်ဆင်နေတဲ့ အမေရိကန်သမ္မတရဲ့ စီးပွားရေးအကြံပေးပုဂ္ဂိုလ် Kudlow ကတော့ ကမ္ဘာ့ကုန်သွယ်ရေးစနစ်ဟာ ယိုယွင်းပျက်စီးနေပြီး၊ ဒီအတွက်လည်း အမေရိကန်သမ္မတထက်၊ ဖျက်ဆီးခဲ့ကြတဲ့ တိုင်းပြည်တွေကို အပြစ်တင်ရမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG