သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ လူမျိုးရေး ပဋိပက္ခ G8 စိုးရိမ်ပူပင်


 မိထ္ထီလာအကြမ်းဖက်မှုဖြစ်ပွားစဉ် ( မတ် ၂၃၊ ၂၀၁၃)
မိထ္ထီလာအကြမ်းဖက်မှုဖြစ်ပွားစဉ် ( မတ် ၂၃၊ ၂၀၁၃)
မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ စီးပွားရေး တိုးတက်လာတဲ့အပေါ်ကြိုဆိုပေမဲ့ လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေဆက်ရှိနေတဲ့အပေါ်မှာ စိုးရိမ်တယ်လို့ G8 စက်မှုအင်အားကြီး ၈ နိုင်ငံကပြောလိုက်ပါတယ်၊ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့အတွက် မြန်မာအစိုးရရဲ့ ကမ်းလှမ်း ဖိတ်ခေါ်မှုအပေါ်မှာ G8 နိုင်ငံခြားရေးဝန်ကြီးတွေ လက်ခံစဉ်းစားတဲ့အကြောင်းနဲ့ လိုအပ်တဲ့ အကူအညီတွေ ပေးသွားဖို့ အဆင်သင့်ရှိတဲ့အကြောင်း ညီလာခံအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အိမ်ရှင်ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး William Hague က ပြောခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှုရှိဖို့နဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဆောင် ရွက်ဖို့ လိုအပ်တယ် ဆိုတာကို G8 နိုင်ငံခြားရေး ဝန်ကြီးတွေ က အလေးပေး ပြောလိုတဲ့ အကြောင်းကိုလဲ Mr. Hague ကပြောကြားသွား ခဲ့ပါတယ်၊ G8 နိုင်ငံခြားရေးဝန်ကြီးတွေဆွေးနွေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာလဲ မြန်မာနိုင်ငံမှာ ဒီမိုကရေစီခိုင်မာဖို့၊ တရားဥပဒေစိုးမိုးဖို့နဲ့ လူအခွင့်အရေးအခြေအနေတိုးတက်ဖို့အတွက် သက်ဆိုင်သူတွေ အားလုံးရဲ့ပံ့ပိုးမှုနဲ့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေ ကို ကျေနပ်တယ် လို့ ပြောကြားထားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုအားလုံးရပ်သွားဖို့ လူနည်းစုတွေရဲ့ ရပိုင်ခွင့်တွေကို လေးစားလိုက်နာဖို့နဲ့ အားလုံးပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေး ညှိုနှိုင်းမှုတွေလုပ်ဖို့အတွက်ကို နောက်ထပ်ဆောင်ရွက်သွားဖို့ စက်မှုအင်အားကြီး ၈ နိုင်ငံက တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေသေးတဲ့ အရေးကြီးတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းတဲ့နေရာမှာ ကူညီသွားဖို့ အခိုင်အမာ ရည်ရွယ် ထားကြောင်းနဲ့ သူတို့ပေးတဲ့ ကူညီထောက်ပံ့မှုတွေကို လိုအပ်နေတဲ့သူတွေ လက်ထဲ တကယ်ရောက်အောင်လို့ တခြားအလှုရှင်တွေနဲ့ အနီးကပ် ဆောင်ရွက် သွားမယ်လို့လဲ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလား အလာကောင်းတွေ ရှိ လာတာကို ကြိုဆိုတဲ့ တချိန်ထဲမှာပဲ၊ ရင်းနှီးမြှုပ်နှံမှု သစ်တွေ၊ ဖွံ့ဖြိုးရေးအစီအစဉ်သစ်တွေကလဲ ပြည်သူတွေအတွက် အကျိုးရှိဖို့အတွက် နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းတွေအတိုင်း ကိုက်ညီအောင် ဆောင်ရွက်မယ်လို့ မျှော်လင့်တဲ့အကြောင်း လန်ဒန်မြို့တော်မှာ ကျင်းပခဲ့တဲ့ G8 စက်မှုအင်အားကြီးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ညီလာခံ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်၊ G8 နိုင်ငံတွေထဲမှာ ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ ကနေဒါနဲ့ Russia နိုင်ငံတွေပါဝင်ပါတယ်။
XS
SM
MD
LG