G-8 စက်မှုထိပ်သီး ၈ နိုင်ငံခေါင်းဆောင်တွေက မြန်မာနိုင်ငံမှာလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပရေးနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ တိုက်တွန်းလိုက်ကြပါတယ်။
နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို အမြန်ဆုံး လွှတ်ပေးပါလို့ မနေ့က စနေနေ့က ကျင်းပပြီးစီးခဲ့တဲ့ စက်မှုထိပ်သီး ၈ နိုင်ငံ G-8 ညီလာခံမှာ ခေါင်းဆောင်တွေက တိုက်တွန်းတောင်းဆိုလိုက်ကြတာပါ။ စစ်အစိုးရအနေနဲ့ အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံပြီး အနှစ်သာရပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှု တွေလုပ်ကြပါလို့လည်း တိုက်တွန်းလိုက်ပါတယ်။
တောင်ကိုရီးယားရေတပ် ချိုနမ်စစ်သင်္ဘောကို မြောက်ကိုရီးယားက နှစ်မြုပ်ခဲ့တာကို ပြစ်တင်ရှုတ်ချတာကအစ အီရန်က လူ့အခွင့်အရေး လေးစားလိုက်နာရေးနဲ့ တရားဥပဒေစိုးမိုးရေးအဆုံး စက်မှုထိပ်သီးတွေကတောင်းဆိုလိုက်ကြပါတယ်။ ကနေဒါနိုင်ငံ တိုရွန်တိုမြို့မြောက်ဘက် Muskoka အပန်းဖြေစခန်းမှာ ကျင်းပခဲ့တဲ့ စက်မှု ၈ နိုင်ငံထိပ်သီးညီလာခံ ဆုံးဖြတ်ချက်မူကြမ်းမှာ ဖေါ်ပြထားတာဖြစ်ပါတယ်။
နိုင်ငံ့ခေါင်းဆောင်တွေဟာ သူတို့ရဲ့ရည်ရွယ်ချက်ကို နားလည်ခံယူထားတဲ့အတိုင်း အခြေခံကျကျပိုပြီးစည်းလုံးညီညွတ်စွာနဲ့ ဆွေးနွေးနိုင်ခဲ့ကြတဲ့ ဒီလို အစည်းအဝေးမျိုးကို သူဘယ်တုံးကမှ မတက်ရောက်ခဲ့ဘူးကြောင်း အိမ်ရှင် ကနေဒါဝန်ကြီးချုပ် Stephen Harper က ပြောပါတယ်။ ဒီစည်းလုံးညီညွတ်မှု စိတ်ဓါတ်ကို စနေနေ့ညနေပိုင်းမှာ စတင်မယ့် G-20 စက်မှုနိုင်ငံ ၂၀ ထိပ်သီးညီလာခံကို သယ်ဆောင် သွားစေလိုတယ်လို့ Mr. Harper က အလေးအနက် ပြောဆိုလိုက်ပါတယ်။