သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂဒါဖီ ဇာတိမြို့ကို နေတိုးလေကြောင်းက တိုက်ခိုက်


ဂဒါဖီ ဇာတိမြို့ကို နေတိုးလေကြောင်းက တိုက်ခိုက်

လစ်ဗျားခေါင်းဆောင် မိုမာဂဒါဖီရဲ့ ဇာတိမြို့ Sirte မှာ နေတိုးမဟာမိတ်တပ်တွေက လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီဒေသမှာခြေကုပ်ယူထားတဲ့ ဂဒါဖီ သစ္စာခံတပ်သားတွေကို တိုက်ခိုက်ဖို့ အတိုက်အခံတပ်ဖွဲ့တွေကလည်း ဦးတည်သွားရောက်နေကြပါတယ်။ Sirte က ဂဒါဖီရဲ့ခံတပ်ဝန်းကိုချိန်ရွယ်ပြီး ဗြိတိသျှစစ်လေယာဉ်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

နေတိုး မဟာမိတ်တပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ မစ္စတာ ဂဒါဖီကို ပစ်မှတ်ထား တိုက်ခိုက်တာ မဟုတ်ပေမဲ့ ဂဒါဖီတပ်တွေ ဆက်ပြီးမတိုက်နိုင်အောင်ရည်ရွယ်ပြီး ပစ်ခတ်တာလို့ ဗြိတိသျှကာကွယ်ရေး ၀န်ကြီး လီယမ်ဖောက်စ် (Liam Fox) က ပြောပါတယ်။

တိုက်ပွဲတွေဟာ ထရစ်ပိုလီမှာသာမက တူနီးရှားနယ်စပ်မှာလည်း ဖြစ်ပွားနေပါတယ်။ International Migrant Organization (IOM) လို့ခေါ်တဲ့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အဖွဲ့အစည်းက ထရစ်ပိုလီမြို့တော်မှာ ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေကို ကယ်ထုတ်ဖို့အတွက် သင်္ဘောတစင်း စေလွှတ်လိုက်သလို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေလုပ်ဖို့အတွက်လည်း အလုပ်သမား ၅၀ ကျော် စေလွှတ်ခဲ့ပါတယ်။

မနေ့က ကြာသပတေးညကတော့ IOM ရဲ့ ခရီးသည်တင် သင်္ဘောတစင်းဟာ ဒုက္ခသည် ၂၆၃ ဦးကို ထရစ်ပိုလီကနေ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ကြာသပတေးနေ့မှာ ပြင်းထန်တဲ့တိုက်ပွဲတွေ ထရစ်ပိုလီမှာ ဖြစ်ပွားနေစဉ်မှာပဲ မစ္စတာ ဂဒါဖီက သူ့ကိုထောက်ခံ ပံ့ပိုးသူတွေကို အင်အားပြတဲ့အသံ ထုတ်လွှင့်ပေးခဲ့သလို လစ်ဗျားနိုင်ငံရဲ့ ပြည်တွင်းရေးပဋိပက္ခကို ၀င်ရောက်စွက်ဖက်တဲ့ နိုင်ငံခြားတိုင်းပြည်တွေကို ရှုတ်ချ ပြစ်တင်လိုက်ပါတယ်။

ထရစ်ပိုလီမှာ ကွက်မျက်ခံထားရတဲ့ လူပေါင်း ၄၀ ကျော်ရဲ့အလောင်းတွေကို သတင်းထောက်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကို ဂဒါဖီတပ်သားတွေက သတ်တာလား၊ အတိုက်အခံတွေဘက်က သတ်ဖြတ်တာလား ခွဲခွဲခြားခြား မသိရသေးပါဘူး။

XS
SM
MD
LG