သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂဒါဖီသဂြုႋဟ်ရက် ရွှေ့ဆိုင်း


ဂဒါဖီသဂြုႋဟ်ရက် ရွှေ့ဆိုင်း
ဂဒါဖီသဂြုႋဟ်ရက် ရွှေ့ဆိုင်း

လစ်ဗျားခေါင်းဆောင်ဟောင်း မိုမာဂဒါဖီ (Moammar Gadhafi) ကို သူ့ရဲ့ ဇာတိမြို့ ဆာ့တ် (Sirte) မှာ ဝင်ရောက်စီးနင်း သတ်ဖြတ်ခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ ဒီနေ့မှာ သူ့အလောင်းကို သဂြုႋဟ်မယ့်အစီအစဉ်ကို ယာယီအစိုးရတာဝန်ရှိသူတွေက ဆိုင်းငံ့ထားလိုက်ပါတယ်။ အစောပိုင်းမှာတော့ သူ့အလောင်းကို လျို့ဝှက်တနေရာမှာ မြှုပ်နှံမယ်လို့ ကြေညာထားတာပါ။ ဒါပေမဲ့လည်း သူ့ကို မြှုပ်နှံမယ့်နေရာ အတိအကျ မရှိသေးသလို နိုင်ငံတကာ ရာဇဝတ်တရားရုံးက စစ်ဆေးမှုတွေ ရှိကောင်းရှိလာနိုင်တဲ့အတွက် မြှုပ်နှံမယ့် အစီအစဉ်ကို ရက်အနည်းငယ် ဆိုင်းထားမယ်လို့ အမျိုးသား အသွင်ကူးပြောင်းရေးကောင်စီ (NTC) က ပြောပါတယ်။

ဒီအတောအတွင်း လစ်ဗျားခေါင်းဆောင်ဟောင်း သေဆုံးရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။ သေဆုံးတဲ့အကြောင်းရင်းဟာ ရှင်းရှင်းလင်းလင်း မရှိသလို ဗွီဒီယိုမှတ်တမ်းတွေမှာတွေ့ရတဲ့ အဖြစ်အပျက်တွေဟာ ဆိုရင်လည်း စိတ်အနှောက်အယှက်ဖြစ်စရာ မြင်ကွင်းဖြစ်တယ်လို့ လူ့အခွင့်အရေးရုံးရဲ့ ပြောခွင့်ရသူ ရူးပါ့တ် ကိုးလ်ဗီးလ် (Rupert Colville) က ပြောခဲ့တာပါ။

လက်ကိုင်ဖုန်းနဲ့ ရိုက်ယူထားတဲ့ ဆာ့တ်မြို့က မြင်ကွင်းထဲမှာတော့ အသွင်ကူးပြောင်းရေးကောင်စီ တပ်ဖွဲ့တွေက ဒဏ်ရာရထားတဲ့ ဂဒါဖီကို ခေါ်ဆောင်လာပြီး မသေမီမှာ သူ့ကို သွေးသံရဲရဲနဲ့ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူသေဆုံးနေတဲ့ပုံကို တွေ့မြင်ကြရတာပါ။

သူသေတဲ့ အကြောင်းရင်းနဲ့ပတ်သက်လို့ ကွဲလွဲတဲ့ပြောဆိုချက်တွေလည်း ထွက်ပေါ်နေပါတယ်။ ယာယီ ဝန်ကြီးချုပ် မာမွတ်ဂျစ်ဘရီးလ် (Mahmoud Jibrill) ကတော့ ဂဒါဖီကို ရေဆိုးထုတ်တဲ့ ပိုက်ထဲမှာပုန်းနေရာက ဖမ်းမိခဲ့ပြီး နောက်ပိုင်းမှာ သူ့ကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေကြား အပြန်အလှန် ပစ်ခတ်ရာက သေဆုံးခဲ့တာလို့ ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း တခြား အစိုးရတာဝန်ရှိသူတွေကတော့ သူဟာ ဝိုင်းဝန်း ရိုက်နှက်တာခံခဲ့ရပြီး အသတ်ခံခဲ့ရတာလို့ ပြောနေကြတာဖြစ်ပါတယ်။

ဒီအတောအတွင်း ဂဒါဖီရဲ့ သားတစ်ယောက်ဖြစ်တဲ့ ဆိုက်ဖ် အယ်လ် အစ္စလာမ် (Seif al-Islam) ကိုလည်း ဆာ့တ်မြို့အနီးမှာ ဝိုင်းထားတယ်၊ ဖမ်းမိတယ်၊ သေသွားပြီဆိုတဲ့ သတင်းတွေလည်း အမျိုးမျိုး ထွက်ပေါ်နေ ပါတယ်။

XS
SM
MD
LG