သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ပြစ်မှုတရားရုံး ဂဒါဖီကို အလိုရှိ


နိုင်ငံတကာ ပြစ်မှုတရားရုံး ဂဒါဖီကို အလိုရှိ
နိုင်ငံတကာ ပြစ်မှုတရားရုံး ဂဒါဖီကို အလိုရှိ

လူသားမျိုးနွယ်အပေါ် စော်ကားတဲ့ ရာဇဝတ်မှုအတွက် လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi)၊ သူ့သားတယောက်နဲ့ သူ့ရဲ့ ထောက်လှမ်းရေးမှူးချုပ်တို့ကို ဖမ်းဆီးမိန့် ထုတ်ပေးဖို့ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး ရှေ့နေတွေက တရားသူကြီးကို လျှောက်ထားလိုက်ကြပါတယ်။

မစ္စတာ ဂဒါဖီ၊ ဆာအိဖ် အယ်လ် အစ်စ်လမ် ဂဒါဖီ (Saif al-Islam Gadhafi) နဲ့ လစ်ဗျား ထောက်လှမ်းရေး အကြီးအကဲ အဗ္ဗဒူလာ အယ်လ် ဆာနူဆီ (Abdullah al-Sanousi) တို့ဟာ လစ်ဗျားခေါင်းဆောင်ရဲ့ အာဏာကို ထိန်းသိမ်းဖို့ ရည်မှန်းချက်နဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ကြတဲ့ အထောက်အထားတွေ ရှိနေတယ်လို့ လူဝီ မိုရီနို အိုကမ်ပို (Luis Moreno-Ocampo) က The Hague မြို့မှာ တနင်္လာနေ့က ပြောပါတယ်။

ဖေဖော်ဝါရီလမှာ လစ်ဗျားသူပုန်တွေကို ရက်ရက်စက်စက် ချေမှုန်းရာမှာ အရပ်သားတွေအပေါ် တိုက်ခိုက်ဖို့ မစ္စတာ ဂဒါဖီက သူ့သဘောနဲ့သူ အမိန့်ပေးခဲ့တာကို အထောက်အထားတွေက ပြသနေပါတယ်လို့ သူက ပြောပါတယ်။

လူတွေအပေါ် စစ်တပ်က စနစ်တကျ တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ၇၄ မျက်နှာရှိ စာရွက်စာတမ်းတွေကို တင်ပြမယ်လို့ ICC ရဲ့ ရှေ့နေချုပ်က ပြောပါတယ်။

အထောက်အထားတွေကို တရားသူကြီးတွေက လေ့လာပြီး ဝရမ်းထုတ်ပေးသင့် မသင့်ကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် နောက်ထပ် အထောက်အထားတွေ ထပ်တောင်းကောင်းလည်း တောင်းမှာပါ။ ဒီဖြစ်စဉ်က ရက်သတ္တပတ်ပေါင်းများစွာ ကြာစရာ ရှိပါတယ်။

ICC ရဲ့ ဒီ အားထုတ်မှုတွေကို လစ်ဗျား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက ပယ်ချလိုက်ပြီး ဒီလိုလုပ်နေတာတွေက မေးခွန်းထုတ်စရာတွေ ရှိတယ်လို့ ပြောလိုက်ပါတယ်။

ဒီအချိန်မှာပဲ ရုရှားက လစ်ဗျားအစိုးရနဲ့ သူပုန်တွေ မော်စကိုမှာ အင်္ဂါနေ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာ့ဗ်ရော့ဗ် (Sergei Lavrov) က တနင်္လာနေ့မှာ ပြောပါတယ်။

XS
SM
MD
LG