သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂဒါဖီသားအကြီး ဖမ်းမိပြီ


လစ်ဗျားခေါင်းဆောင်ဟောင်း မိုမာဂဒါဖီရဲ့ အကြီးဆုံးသား Seif al-Islam Gadhafi

လစ်ဗျားနဲ့ နိုင်ဂျာနိုင်ငံ နယ်စပ်အနီး လစ်ဗျားနိုင်ငံတောင်ပိုင်း အိုဘရီ (Obari) မြို့နားမှာ ကွယ်လွန်သူ လစ်ဗျားခေါင်းဆောင်ဟောင်း ဗိုလ်မှူးကြီး ဂဒါဖီရဲ့သား အကြီးဆုံး ၃၉ နှစ်အရွယ် ဆာအိအယ်လ်အစ္စလာမ် (Seif al-Islam) ကို လစ်ဗျားတပ်ဖွဲ့တွေက ဒီကနေ့ လက်ရဖမ်းဆီးမိလိုက်တာကို လစ်ဗျားအစိုးရရဲ့ ရုပ်မြင်သံကြားသတင်းတွေမှာ ပြသနေပါတယ်။

ဂဒါဖီရဲ့ သားတစ်ဦးဖြစ်တဲ့ ဆာအာဒီ ဂဒါဖီကို နိုင်ငံရေးခိုလုံခွင့် ပေးထားတဲ့ နိုင်ဂျာနိုင်ငံထဲကို ဆာအိအယ်လ်အစ္စလာမ်ကို ခိုးသွင်းဖို့ သူ့ရဲ့လက်ထောက်တွေက ကြိုးပမ်းပေမဲ့ အခုလို ဆာအိကို ဖမ်းဆီးရမိခဲ့တာလို့ လစ်ဗျားစစ်ဘက်အရာရှိတွေက ပြောကြပါတယ်။

လစ်ဗျားရဲ့ ယာယီတရားရေးဝန်ကြီး Mohammed al-Alagi (မိုဟာမက် အယ်လ်အလာဂီ) က မကြာခင်မှာ ဆာအိအယ်လ်အစ္စလာမ်ကို လစ်ဗျားနဲ့ နိုင်ဂျာနယ်စပ်ကနေ ထရစ်ပိုလီမြို့တော်ကို ပို့ဆောင်ပေးတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖခင်ဖြစ်သူ ဂဒါဖီ အာဏာရနေစဉ်အတွင်း ဆန္ဒပြပွဲတွေကို ဖြိုခွင်းခဲ့ရာမှာ လူမဆန်တဲ့ပြစ်မှုတွေကို ကျူးလွန်ခဲ့မှုနဲ့ တရားစွဲဆိုဖို့ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး ICC က ကြိုးပမ်းနေပြီး ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ဆာအိအယ်လ်အစ္စလာမ်ကို ကိုယ်တိုင်လာရောက် အဖမ်းခံခြင်းဖြင့် မျှတတဲ့ တရားစီရင်မှုကို ခံစားရရှိမယ်လို့ ICC က ဖုန်းနဲ့ ပြောဆိုကမ်းလှမ်းခဲ့ကြောင်း ICC ရဲ့ ဥပဒေအကျိုးဆောင် အရာရှိချုပ် လူးဝစ် မိုရန်နိုအိုကမ်ပို (Luis Moreno-Ocampo) က ပြောဆိုထားပါတယ်။

ဆာအိအယ်လ်အစ္စလာမ်ဟာ သူ့ကိုယ်သူ လစ်ဗျားရဲ့ဝန်ကြီးချုပ်အဖြစ် ခံယူပြီးတော့ ပြီးခဲ့တဲ့အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူတွေကို နှိမ်နင်းရာမှာ ကျည်အစစ်တွေနဲ့ လက်နက်ကြီးတွေကို အသုံးပြုဖို့ ဖခင်ဖြစ်သူ ဂဒါဖီ၊ သူနဲ့ ထောက်လှမ်းရေးအရာရှိ သုံးဦးတို့က တိုက်ရိုက်အမိန့်ပေးခဲ့တဲ့ အထောက်အထားတွေ ရရှိထားတယ်လို့ ICC က ဆိုပါတယ်။

ဆာအိအယ်လ်အစ္စလာမ်ဟာ လန်ဒန်မြို့က နိုင်ငံတကာ အဆင့်မြင့်တက္ကသိုလ်ဖြစ်တဲ့ London School of Economics တက္ကသိုလ်ကနေ Ph.D ဒေါက်တာဘွဲ့ကို ရရှိထားသူဖြစ်ပါတယ်။

XS
SM
MD
LG