သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ထံက Freedom of the City ဆု ပြန်ရုပ်သိမ်းဖို့ Galway ဆုံးဖြတ်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

အိုင်ယာလန်နိုင်ငံ Galway မြို့က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Freedom of the City မြို့ရဲ့ဂုဏ်ထူးဆောင်ဆုကို ပြန်ပြီးရုပ်သိမ်းဖို့ တနင်္လာနေ့က မြို့တော်ကောင်စီအဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ပြီးဖြစ်နေတာ၊ ရိုဟင်ဂျာတွေ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် အတင်းအကြပ်မောင်းထုတ်ခဲ့တဲ့ဖြစ်ရပ် စတာတွေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တာဝန်ရှိနေသူတဦးဖြစ်နေတဲ့အတွက် လူ့အခွင့်အရေး ဂုဏ်ထူးဆောင်ဆုနဲ့ ထိုက်တန်မှုမရှိတော့ဘူးလို့ မြို့တော်ကောင်စီအဖွဲ့က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး တင်ပြမှာပါ။

မြို့ရဲ့ ဂုဏ်ထူးဆောင်ဆုကို အခုလို ပြန်ပြီးရုပ်သိမ်းတဲ့ဖြစ်ရပ်ဟာ Galway မြို့အတွက် ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ရက်စက်ပြင်းထန်လှတဲ့ ဖိနှိပ်မှုနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆိတ်နေခဲ့ပြီး လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ အခြေအနေထိ ဆိုးရွားလာခဲ့တဲ့အပေါ်မှာ နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည် ကို ဝိုင်းဝန်းမေးခွန်းထုတ်ခဲ့ပြီးနောက် Galway မြို့က လူ့အခွင့်အရေး လှုပ်ရှားသူတွေဟာ သူတို့ပေးထားတဲ့ ဆုကို ပြန်ရုပ်သိမ်းဖို့ ၂၀၁၇ခုနှစ်မှာ စတင်ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

ဥပဒေနည်းလမ်း လုပ်ထုံးလုပ်နည်းနဲ့အညီဆောင်ရွက်ခဲ့ရတဲ့အတွက် အခုလို နှစ်နှစ်လောက်ကြာပြီးချိန်မှာ Galway မြို့တော်ကောင်စီအဖွဲ့မှာ မဲခွဲ ဆုံးဖြတ်နိုင်ခဲ့တာဖြစ်တယ်လို့ အိုင်ယာလန်နိုင်ငံက ရိုဟင်ဂျာအရေးဆောင်ရွက်နေတဲ့အဖွဲ့ Rohingya Action Ireland အတွင်းရေးမှူး Galway မြို့ရဲ့ Carlow ကောလိပ်ကျောင်း နည်းပြဆရာမ Stephanie McDermott က ဗွီအိုအေကိုပြောပါတယ်။

“အိုင်ယာလန်နိုင်ငံ Galway မြို့မှာ ဖေဖေါ်ဝါရီလ (၁၁)ရက် တနင်္လာနေ့က မြို့တော်ကောင်စီ အဖွဲ့ကနေ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Freedom of the City လွတ်မြောက်ရေးဆုကို ပြန်ရုပ်သိမ်းဖို့ မဲပေးဆုံးဖြတ်ခဲ့ကြပါတယ်။ မဲပေးကြတဲ့အထဲမှာ ထောက်ခံမဲ ၁၃ မဲ၊ ကြားနေမဲ ၂ မဲ နဲ့ ပျက်ကွက်မဲ ၂ မဲ နဲ့ ဆုကို ပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဆီကနေ ဒီဆုကို ပြန်ပြီးရုပ်သိမ်းတဲ့နေရာမှာ အဓိကမီးမှောင်းထိုးပြချင်တဲ့ အချက်တွေနဲ့ ပတ်သက်လို့ Stephanie McDermott ကအခုလို ရှင်းပြပါတယ်။

“တသားတည်းရှိနေတယ်ဆိုတဲ့ အမှာစကားလည်းဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်တပ်ကို သိစေချင်တာက ဘာတွေဖြစ်ပျက်နေလဲ ဆိုတာ ကျမတို့သိနေပြီး ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ဖြစ်ရပ်တွေကို အိုင်ယာလန်ပြည်သူတွေ ဘယ်တော့မှ မေ့ပျောက်ထားမှာ မဟုတ်ဘူးဆိုတာ၊ နောက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိူးဖောက်မှုတွေ ဆက်ပြီးဖြစ်နေတယ်ဆိုတာ ကျမတို့သိနေတယ်ဆိုတဲ့ အချက်ပါ။”

အခုလို မြို့ရဲ့ ဂုဏ်ထူးဆောင်ဆုကို ပြန်ပြီးရုပ်သိမ်းတဲ့အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုန့်ပြန်ချက်ကို သိရပါသလားလို့ မေးကြည့်တော့-

“ဂုဏ်ပြုဆုတွေကို ပေးလိုက် ပြန်ရုပ်သိမ်းလိုက်ဆိုတာမျိုး ရှိမှာပဲလို့ ဒေါ်အောင်ဆန်းစုကြည်ကတော့ တရားဝင် သူ့သဘောထားကို ထုတ်ဖေါ်ပြောဆိုထားပြီသာပါ။ နောက်ပြီး အခုကျမတို့ Galway မြို့ရဲ့ ဂုဏ်ထူးဆောင်ဆုကိုလည်း သူ့အနေနဲ့ စိတ်ဝင်စားခြင်းလည်း မရှိပါဘူး။ ကျမတို့မြို့အရွယ်အစားကလည်း သေးပါတယ်။ အဲတော့ ဒီဆုကို ရုပ်သိမ်းလိုက်လို့ သူ့အနေနဲ့ ထူးထူးခြားခြား ဘာမှဖြစ်မသွားပေမဲ့ရိုဟင်ဂျာတွေအတွက် ကျမတို့ ပေးချင်တဲ့ အမှာစကားကတော့ သူတို့နဲ့အတူ ကျမတို့ ရှိနေတယ်၊ သူတို့အပေါ် ရက်ရက်စက်စက် ညှမ်းပန်း ဖိနှိပ်မှုတွေကို ကျမတို့ ဘယ်တော့မှ မေ့ထားမှာ မဟုတ်ဘူးဆိုတာဖြစ်ပါတယ်။ နောက်ပြီး ဒီလိုပြင်းထန်လှတဲ့ ဖိနှိပ်မှုတွေ ဆက်ပြီးဖြစ်နေတာကို ကျမတို့ ခေတ်ကာလမှာ မျက်မြင်သက်သေအနေနဲ့ ဆက်ပြီး မြင်တွေ့နေရ တာကို မလိုလားဘူးဆိုတာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အသိပေးလိုက်တာဖြစ်ပါတယ်။”

အရင်က စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေကို ရဲရဲဝင့်ဝင့် ပြောဆိုရှုတ်ချခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက လေးစားဂုဏ်ပြု ရပ်တည်ခဲ့တဲ့အထဲမှာ Galway မြို့သူမြို့သားတွေကလည်းပါဝင်ပြီး သူတို့မြို့ရဲ့ ဂုဏ်ထူးဆောင်ဆုကို ၂၀၀၅ခုနှစ် နေအိမ်အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူကိုယ်တိုင် ဖိနှိပ်သူဖြစ်လာတယ်ဆိုတာကိုတွေ့မြင်လာရတယ်လို့ Stephanie McDermott ကပြောပါတယ်။

“၂၀၀၅ ခုနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နေအိမ်အကျယ်ချုပ်ကျနေသလို၊ လူ့အခွင့်အရေး ဖိနှိပ်မှုတွေနဲ့ပတ်သက်ရင်လည်း ဆန့်ကျင်ကန့်ကွက်ပြောဆိုခဲ့သူဖြစ်ပါတယ်။ သူ့ကို ဒီဆု ချီးမြှင့်တဲ့ အချိန်တုန်းကဆိုရင် Galway မြို့က လူအတော်များများ စုဝေးဂုဏ်ပြခဲ့ကြတာပါ။ အဲဒီအချိန်တုန်းက ကျမတို့လုပ်ရပ်မှန်ကန်ခဲ့ပါတယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်ရင် ရဲရဲဝင့်ဝင့်ထုတ်ဖေါ်ပြောဆိုသူကို ကျမတို့ တန်ဖိုးထားပါတယ်။ ဒါပေမဲ့ အခြေအနေတွေပြောင်းလဲခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူအာဏာရလာတဲ့အချိန်မှာ သူအရင်က ပြောခဲ့တဲ့၊ ပေးခဲ့တဲ့ ကတိတွေအတိုင်း မလုပ်ခဲ့ပါဘူး။ အဲဒါကဘာလည်းဆိုတော့ ဖိနှိပ်ခံရသူ ဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူကိုယ်တိုင် ဖိနှိပ်တဲ့သူ ဖြစ်လာတယ်ဆိုတာ ကျမတို့ တွေ့မြင်ခံစားရပါတယ်။”

အိုင်ယာလန်နိုင်ငံ Galway မြို့က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Freedom of the City မြို့ရဲ့ဂုဏ်ထူးဆောင်ဆုကို ပြန်ပြီးရုပ်သိမ်းဖို့ မြို့တော်ကောင်စီအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကို ကြိုဆိုနေတဲ့ Rohingya Action Ireland, ၂-၁၂-၂၀၁၉
အိုင်ယာလန်နိုင်ငံ Galway မြို့က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Freedom of the City မြို့ရဲ့ဂုဏ်ထူးဆောင်ဆုကို ပြန်ပြီးရုပ်သိမ်းဖို့ မြို့တော်ကောင်စီအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကို ကြိုဆိုနေတဲ့ Rohingya Action Ireland, ၂-၁၂-၂၀၁၉

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခမှာ ရိုဟင်ဂျာတွေအကြမ်းဖက် ဖိနှပ်ခဲ့မှုကို အချိန်မှီ အရေးယူလုပ်ဆောင်ဖို့ ပျက်ကွက်တာ၊ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ကန့်ကွက် ပြောဆိုထောက်ပြခြင်းမရှိတာ စတာတွေကြောင့် သူ့ကို ချီးမြှင့်ထားတဲ့ ဆုတွေပြန်ရုပ်သိမ်းခံနေရတဲ့အထဲ အခုနောက်ဆုံး Galway မြို့ရဲ့ ဂုဏ်ထူးဆောင်ဆုအပါအဝင် စုစုပေါင်း ၁၀ ဆုကျော်လောက်ရှိသွားပါပြီ။ အဲဒီထဲ ထင်ရှားတဲ့ နိုင်ငံတကာ ဂုဏ်ထူးဆောင်ဆု တချို့ကတော့ ၂၀၁၈ နိုဝင်ဘာလက ရုပ်သိမ်းခဲ့တဲ့ AI ရဲ့ အမြင့်ဆုံး လူ့အခွင့်အရေးဆုဖြစ်တဲ့ International Ambassador of Conscience Award နိုင်ငံတကာ ယုံကြည်ချက်ဆိုင်ရာ ဂုဏ်ထူးဆောင် သံတမန်ဆု၊ ၂၀၁၈ အောက်တိုဘာလက ကနေဒါနိုင်ရဲ့ နိုင်ငံသားဂုဏ်ထူးဆောင်ဆု၊ မတ်လက အမေရိကန်ပြည်ထောင်စု Holocaust ပြတိုက်က ပေးအပ်ခဲ့တဲ့ Elie Weisel ဆု တွေလည်း ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG