သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂန္ဓမာကုန်တိုက်မီး ၇ ဦးသေ


ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဂန္ဓမာ Wholesale ကုန်တိုက်မှာ ဒီနေ့မနက်အစောပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၇ ယောက် သေဆုံးခဲ့ပါတယ်။ ဒီမီးလောင်မှုဟာ လျှပ်စစ်မီးပူကို ဖွင့်ထားရာကနေတဆင့် လောင်ကျွမ်းတာဖြစ်ပြီး စုစုပေါင်း ကျပ်ငွေ ၅၆ သိန်းကျော် ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက အရာရှိက ပြောပါတယ်။ သတင်းအပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ဒီမီးလောင်ကျွမ်းမှုဟာ မရမ်းကုန်းမြို့နယ် ၈ ရပ်ကွက် ဝေဇယန္တာလမ်းနဲ့ ဂန္ဓမာလမ်းဒေါင့်မှာရှိတဲ့ ဂန္ဓမာလက်ကားအရောင်းကုန်တိုက်မှာ ဒီကနေ့ မနက်အစောပိုင်းက လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ ဒီမီးလောင်မှုကို ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက ဒုညွှန်ကြားရေးမှူး ဦးတင်မင်း က အခုလို ပြောပါတယ်။

“ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက် ၁ နာရီပါခင်ဗျ။ ဂန္ဓမာ Wholesale ကုန်တိုက် တတိယအလွှာမှာပါခင်ဗျ။ ဗီးနပ်စ် Garden ကျနော်တို့ Spa အလှပြင်ခန်း၊ အဲ့ဒီအလှပြင်ခန်းမှာရှိတဲ့ ကျနော်တို့ ပေ ၅၀ ပေ ၃၀ ကျယ်တဲ့နေရာမှာ လောင်သွားပါတယ်ခင်ဗျ။ သူတို့ဆီမှာ အလုပ်သမားတွေထားတဲ့ အခန်းလေး ရှိပါတယ်ခင်ဗျ။ အဲ့ဒီမှာ iron လေ မီးပူဖွင့်ထားခဲ့တဲ့အတွက် အနီးမှာရှိတဲ့ မွေ့ယာကနေ စပြီး လောင်သွားတာပါခင်ဗျ။”

မီးလောင်မှုအတွင်း သေဆုံးတာနဲ့ ပျက်ဆီးဆုံးရှုံးမှုကို ဦးတင်မင်းက အခုလို ဆက်ပြောပါတယ်။

“သေဆုံးမှုကတော့ ကျား-မ ၇ ယောက်ပါခင်ဗျ။ ဆုံးရှုံးမှုတန်ဘိုးကို ကျနော်တို့ ၅၆ သိန်း ၇ သောင်း ၅ ထောင်ပါခင်ဗျ။”

ဒီမီးလောင်မှုနဲ့ပတ်သက်ပြီး Venus Garden Spa မန်နေဂျာ ကိုထွန်းထွန်းနိုင်ကို မရမ်းကုန်းရဲစခန်းက (ပ) ၅၁၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄က/၂၈၅ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ မရမ်းကုန်းရဲစခန်းက တာဝန်ကျရဲအရာရှိတစ်ဦးကတော့ လူသေဆုံးမှုနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“လက်ရှိ ၇ ဦးမှာက မိန်းကလေး ၄ ဦး၊ ယောကျာ်းလေး ၃ ဦးလို့တော့ သိရတယ်။ သူတို့ကတော့ သူတို့ဆိုင်ကနေပြီးတော့ ဆိုင်က မဖွင့်ရသေးဘူးအကိုရဲ့။ သန့်ရှင်းရေးလုပ်ဖို့ဆိုပြီး အိပ်ခိုင်းထားတဲ့အဖွဲ့တွေ၊ သူတို့က မှန်လုံးခန်းကြီးဆိုတော့လေ ၇ ဦး ဆုံးသွားတာပါခင်ဗျာ။”

ရန်ကုန်တိုင်းဒေသကြီးမှာ မီးလောင်မှုပေါင်း ၂၁၅ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ဒီမီးလောင်မှုတွေမှာ ပေါ့ဆမီးက ၁၀၉ ကြိမ်၊ လျှပ်စစ်ဓာတ်အား အသုံးပြုရာကနေ လောင်တာ ၇၄ ကြိမ်၊ မီးဖိုချောင် မီးကြွင်းမီးကျန်ကနေ လောင်ကျွမ်းတာ ၁၉ ကြိမ်တို့က အများဆုံး လောင်ကျွမ်း မှုတွေ ဖြစ်ပါတယ်။

၁၁ လတာအတွင်း ဖြစ်ပွားတဲ့ ဒီမီးလောင်မှုပေါင်း ၂၁၅ ကြိမ်အတွင်းမှာ သေဆုံးသူ ၁၇ ဦး၊ ဒဏ်ရာရသူ ၅၃ ဦးရှိပြီး ပျက်စီးဆုံးရှုံးမှု တန်ဘိုး ကျပ်သန်းပေါင်း ၃၅၅ သန်းနီးပါး ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG