သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂန့်ဂေါဒေသဘက်မှာ နှစ်ဘက်ပစ်ခတ်မှုဖြစ်၊ ရွာသားသုံးဦးသေဆုံး


ဂန့်ဂေါမြို့။ (ဓာတ်ပုံ-မာမာစိမ်း/ဒီချုပ်)
ဂန့်ဂေါမြို့။ (ဓာတ်ပုံ-မာမာစိမ်း/ဒီချုပ်)

Zawgyi/Unicode

မကွေးတိုင်း ဂန့်ဂေါခရိုင် ယင်းလှရွာအနီးမှာ ကျေးရွာလုံခြုံရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်တပ်ဘက်က ပစ်ခတ်မှုကြောင့် ရွာသား ၃ ယောက်သေဆုံးခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။ ယင်းလှရွာအနီးက နှမ်းခါးရွာမှာလည်း ကျေးရွာထဲ ပစ်ခတ်စဉ် ကျည်ဆံထိမှန်သူတွေလည်းရှိပါတယ်။ တဆက်တည်းမှာပဲ ရှမ်းပြည်နယ် မူဆယ်မြို့မှာလည်း ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းကပြောပြပါမယ်။

မကွေးတိုင်း ဂန့်ဂေါခရိုင် ယင်းလှရွာအနီးမှာ ဒီကနေ့ မေ ၂၈ ရက် နေ့လည်ပိုင်းက စစ်ကောင်စီတပ်တွေက အကြမ်းမဖက် အာဏာဖီဆန်ရေးလုပ်နေတဲ့ CDM လှုပ်ရှားသူ ကျောင်းဆရာတွေကို လာရောက်ဖမ်းဆီးတဲ့အတွက် ကျေးရွာလုံခြုံရေးအဖွဲ့နဲ့ ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ထွက်ပြေးသူတွေကိုပါ စစ်တပ်က ပစ်ခတ်ခဲ့လို့ ၃ ဦးသေဆုံးခဲ့တယ်လို့ နှမ်းခါးရွာခံတဦးက အခုလိုပြောပါတယ်။

“ယင်းလှရဲ့တောင်ဘက်နားမှာဗျ။ ရွာထဲမှာ မဖြစ်ဘူး ရွာ့အပြင်မှာ စဖြစ်တာ။ ရပ်ရွာလုံခြုံရေးအဖွဲ့က ဂန့်ဂေါဘက်က ကား ၄ စီးလာတာကို စပစ်တာကနေဖြစ်တာ။ ရွာထဲမှာ CDM သမားတွေဘာတွေ ဖမ်းတာမျိုးတွေ ဖြစ်မှာစိုးလို့ ရွာထဲမဝင်ခင် ကျေးရွာလုံခြုံရေးတွေက စပစ်တာ။ တူမီးတွေနဲ့ပစ်တာကို သူတို့က RPG နဲ့လှမ်းထုတာ။ RPG နဲ့ထုတော့ လူငယ်အဖွဲ့ထဲက တိုက်ပွဲစဖြစ်တဲ့နေရာမှာက လူတယောက်ထိတယ်။ အခြေအနေဆိုးတယ်ခင်ဗျ။ ကားလမ်းဘေးတွေမှာ အိမ်တွေရှိတယ်ခင်ဗျ။ လမ်းဘေးမှာနေတော့ ပုန်းဖို့ ထရင်းပြေးရင်း ကြောက်အားလန့်အား ပြေးတဲ့သူတွေကို ပစ်သတ်တာ ၃ ယောက်သေတယ်။ အိမ်ထဲမှာ တယောက်ကို ပစ်သတ်ပြီး RPG နဲ့ထုပြီး မီးလောင်တိုက် သွင်းထားခဲ့တာခင်ဗျ။ ယင်းလှရွာဘက်မှာ အိမ်တွေကို မီးတွေရှို့ပြီး နှမ်းခါးရွာဘက်ကို လာခဲ့တယ်ခင်ဗျ။ အဲ့ဒီမှာ ၂ ယောက်ထိတာ ၁ ယောက်က ခြေထောက်ကိုထိတယ်ခင်ဗျ။ ရွာထဲက လူတွေကို ပစ်ပြီးတာနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ဖောက်ပြီးတော့ အခုက နေ့လည် ၂ နာရီလောက်မှာဖြစ်တာ အခုဂန့်ဂေါဘက်ကနေ ကလေးကို ပြန်သွားပြီခင်ဗျ။”

ယင်းလှရွာဘက်ဖြစ်တဲ့ တိုက်ပွဲနဲ့ပတ်သက်လို့ စစ်တပ်ဘက်က တစုံတရာ မပြောသေးပါဘူး။စစ်ကိုင်းတိုင်း ကောလင်းမြို့မှာလည်း စစ်တပ်ကသေနတ် ပစ်ဖောက် ခြောက်လှန့်ခဲ့တဲ့အတွက် ဒေသခံတွေ စိုးရိမ်နေပါတယ်။ တနင်္သာရီတိုင်း ထားဝယ်မြို့ ကြပ်စားပြင်ရပ်ကွက်မှာလည်း မေလ ၂၇ ရက်နေ့တုန်းက စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် အိမ်နားမှာ ထိုင်နေသူ အမျိုးသားတဦး သေဆုံးတယ်လို့ Dawei Watch သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

တဆက်တည်းမှာပဲ ရှမ်းပြည်နယ် မူဆယ်မြို့မှာ ဒီကနေ့ မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ မူဆယ် သန့်ရှင်းရေးဝန်ထမ်းတဦးသေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူ ၂ ဦးထဲက ၁ ဦးမှာ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့လို့ လားရှိုးဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ မူဆယ်မြို့ ဂရုဏာလူမှုကူညီရေးအသင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

“မနက်က ၈ နာရီ ၁၀ မိနစ်လောက်ပေါ့ ဆေးရုံရယ် အထက ၃ ကျောင်းအနီးရယ် အဲ့နားမှာ ကျနော်တို့ သန့်ရှင်းရေး မူဆယ် သန့်ရှင်းရေး ကုမ္ပဏီဝန်ထမ်းတယောက်က အထုတ်တထုပ်ကို ကိုင်မိတယ်ပြောတယ်။ အဲ့ဒါကို ပေါက်ကွဲသွားတယ်။ ပေါက်ကွဲတဲ့အခါမှာ အဲ့နားကို ရောက်လာတဲ့ဆိုင်ကယ်သမားပေါ့နော်။ ဆိုင်ကယ်သမားလည်းထိတယ်။ နောက်တခါ အဲ့နားမှာရှိတဲ့ ဆေးဆိုင်တဆိုင်က ဝန်ထမ်း မိန်းကလေး တယောက်လည်း ထိတယ်။ ဆိုင်ကယ်သမားက မျက်မှန်ဆိုင်ဝန်ထမ်း မိန်းကလေးက ဆေးဆိုင်ဝန်ထမ်း သေဆုံးသွားတာက မူဆယ် သန့်ရှင်းရေး ကုမ္ပဏီဝန်ထမ်းပေါ့နော်။ ထိတဲ့သူတွေ ဒဏ်ရာအခြေအနေက ဆေးဆိုင်ဝန်ထမ်း မိန်းကလေး အခြေအနေက ဒဏ်ရာဆိုးဆိုးဝါးဝါးမဖြစ်ဘူး။ မျက်မှန်ဆိုင်ဝန်ထမ်းက ဆိုင်ကယ်က မီးလောင်တယ်။ သူ့ကိုယ်လည်း တခြမ်းမီးလောင်တဲ့အတွက် မူဆယ်ဆေးရုံကနေပြီးတော့ လားရှိုးဆေးရုံကို ကျွန်တော်တို့ မူဆယ် ဂရုဏာအသင်းကနေပြီးတော့ ပို့ဆောင်ပါတယ်။ ညနေဘက်မှာ လားရှိုးဆေးရုံကို ရောက်တယ်။ ညနေဘက်ဆိုတာ ၂ နာရီလောက်မှာရောက်တယ်။”

ဖေါက်ခွဲမှုဟာ ဘယ်သူ့လက်ချက်လဲဆိုတာတော့ မသိသေးပါဘူး။ မူဆယ်မြို့တွင်းမှာ လုံခြုံရေးတင်းတင်းကြပ်ကြပ်နဲ့ တပ်ဖွဲ့ဝင်တွေ ကင်းလှည့်နေပါတယ်။ စစ်တပ်က အာဏာသိမ်းတာ ၃ လကျော် နောက်ပိုင်း ရန်ကုန်၊ မန္တလေး အစရှိတဲ့ မြို့ကြီးတွေအပြင် တခြားမြို့တွေမှာပါ ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်နေပြီး အရပ်သား သေဆုံးမှုတွေပါ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode

ဂန့ျဂေါဒသေဘကျမှာ နှဈဘကျပဈခတျမှုဖွဈ၊ ရှာသားသုံးဦးသဆေုံး









XS
SM
MD
LG