သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂန့်ဂေါခရိုင်၊ နှမ်းခါးရွာမှာ စစ်တပ်ဝင်ပြီး လူထုပိုင်ပစ္စည်းတွေ သိမ်းယူ


Zawgyi/Unicode

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် နှမ်းခါးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက် စီးနင်းရှာဖွေခဲ့သလို နေအိမ်တွေထဲက အဖိုးတန်ပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း ကနီနယ်က ကျေးရွာတွေဘက်မှာတော့ အရင်ချထားတဲ့ တပ်အင်အားကို လျှော့ထားပါတယ်။ ခုလို ဂန့်ဂေါနဲ့ ကနီနယ်ဘက်က နောက်ဆုံးအခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းကပြောပြပါမယ်။
မကွေးတိုင်း ဂန့်ဂေါခရိုင် နှမ်းခါးရွာကို မနေ့ ဇွန် ၃ ရက် ညပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတဲ့အတွက် ကျေးရွာသားတွေ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပါတယ်။ တပ်ဖွဲ့ဝင်တွေဟာ နေအိမ်တွေထဲကို ဝင်ရောက်ပြီး အစားအသောက်တွေနဲ့ တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။
“ညက နှမ်းခါးမှာတပ်စွဲထားလို့ ရွာထဲကလူတွေ အကုန်ထွက်ပြေးရတယ်။ ပြီးတော့ ဆိုင်ကယ်တွေဘာတွေ ယူသွားတယ်။ ဆိုင်ကယ်တွေယူတယ် တန်ဖိုးရှိတဲ့ပစ္စည်းတွေ ဆန်တို့ဆီတို့ အဲ့ဒါတွေယူသွားတယ်။ ငါးတို့ အရက်ဘီယာဖာတွေ သယ်သွားပြီး သောက်စားကြတယ်။ အခုမွေ့လယ်ရွာထဲမှာတပ်စွဲထားတယ်။ ဘုန်းကြီးကျောင်းမှာ နေရာယူထားတယ်။ ရွာသားတွေ လူငယ်ပိုင်းတွေကတော့ လူလတ်ပိုင်းတွေတော့ ပြန်ကြတယ်။ ရွာထဲကို မီးရေးထင်းရေး အိမ်ပစ္စည်းတွေ စိတ်မချလို့ ပြန်ကြတယ်။”
မေ ၂၈ ရက်က ရဲလှ နှမ်းခါးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး မေ ၂၉ ရက်မှာ ၅ ဦး အသတ်ခံခဲ့ရပါတယ်။ စစ်ကောင်စီကို သတင်းပေးနေသူလို့ဆိုပြီး သတ်ဖြတ်ခဲ့ကြောင်း ယော ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်မှာ အနီးအနားကျေးရွာတွေကို စစ်တပ်က ဝင်ရောက် စီးနင်း ရှာဖွေတာတွေ လုပ်နေတာပါ။
ခုလို မကွေးတိုင်းဘက်မှာ စစ်တပ်ကလုပ်နေပေမဲ့စစ်ကိုင်းတိုင်း ကနီနယ်ကျေးရွာတွေမှာတော့ စစ်တပ်အင်အားတွေကို လေ ျှာ့ချလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်ကြား အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က ဝင်ရောက်တပ်စွဲထားတဲ့ ရွာတွေကနေ တပ်အင်အားတချို့ကို ပြန်ရုတ်ထားတာဖြစ်တယ်လို့ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးနေရသူတဦးက အခုလို ပြောပါတယ်။
“၄-၅-၆ ရက်တော့ ရှိနေပြီပေါ့နော်။ အဲ့ကတည်းက သူတို့တပ်တွေမလာဘူး။ ခါတိုင်းလိုတော့ သမင်ခြံမှာ တပ်စွဲတာ မုထောမှာ တပ်စွဲတာ ချောင်းမမှာ တပ်စွဲတာ အဲ့လိုတွေတော့ မရှိတော့ဘူး။ မရှိတော့ဘဲနဲ့ ကနီမြို့ပေါ်မှာ အရင်က တပ်စွဲထားတဲ့ တပ်ပဲရှိတော့တယ်။ အဲ့ဒါတွေကနေမှ သူတို့သွားချင်တဲ့ ရွာတွေကို သွားတယ်ပေါ့။”
ကနီမြို့ထဲမှာတော့ တပ်တွေ ဆက်ပြီး ဖြန့်ချထားပါတယ်။ ကနီနယ် ကျေးရွာတွေက တပ်တွေကို ဦးပိုင်ကုမ္ပဏီကတူးဖော်တဲ့ ခန္တီး ကျောက်စိမ်းမှော်က ကျောက်တွေ သယ်ယူတဲ့နေရာ လုံခြုံရေးပေးဖို့ ပြောင်းရွှေ့ချနေတာလို့ ဒေသခံကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။ အဲဒီဒေသဘက်မှာ စစ်တပ်နဲ့KIA တို့ တိုက်ပွဲတွေဖြစ်ပြီးနောက်ပိုင်း ခုလို စစ်တပ်က လုံခြုံရေးပေးနေတာလို့ ဒေသခံ ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။
“ခန္တီးထဲမှာ ဦးပိုင်ကုမ္ပဏီကထုတ်တဲ့ ကျောက်စိမ်းတွေကို အမိအရ အကုန်သယ်ထုတ်နေတယ်။ အဲ့ဒါကိုမှ ချင်းတွင်းမြစ်ရိုးတလျှောက်မှာရှိတဲ့ ကုန်တင်အမြန်ယာဉ်တွေကို အသုံးပြုတယ်။ ပြီးရင် ခရီးသည်ယာဉ်တွေကိုလည်း သုံးတယ်။ ကုန်တင်အမြန်ယာဉ်တွေနဲ့ စတင်သယ်တယ်။ သယ်လို့မရတဲ့အခါကျတော့ စစ်သည်အင်အား ထောင်ဂဏန်းလောက် အသုံးပြုထားတယ်။ ရွာတွေဘက်က တပ်တွေကို ဆုတ်ထားပြီးတော့ ကျောက်စိမ်းမော်တော်တွေရဲ့ လုံခြုံရေးကို လိုက်ပါ ဆောင်ရွက်နေတဲ့အတွက်ကြောင့် ရွာတွေထဲက တပ်တွေကို အကုန်လုံး ခေါ်ထားတာ ဖြစ်ပါတယ်။”
စစ်ကောင်စီပိုင် ဦးပိုင်ကုမ္ပဏီရဲ့ ခန္တီးကျောက်စိမ်းမှော်က ကျောက်စိမ်းတင်ဆောင်တဲ့ စက်လှေတွေကို ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက မေလ ၆ ရက်နေ့တုန်းကကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ခန္တီးကိုပို့မယ့် ယမ်းတင်စက်လှေကိုလည်း ဒေသခံကာကွယ်ရေးတွေ ကြားဖြတ်တိုက်ခိုက်ပြီး သိမ်းယူခဲ့ကြပါသေးတယ်။ အခုလို စစ်ကောင်စီတပ်တွေနဲ့ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့တွေ နှစ်ဘက် အပြန်အလှန် ပစ်ခတ်တာတွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေပြီး ယင်းမပင်နဲ့ ကနီနယ်ဖက်မှာ စစ်ဘေးဒုက္ခသည် ၁၀,၀၀၀ နီးပါးရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


Unicode




XS
SM
MD
LG