သုံးရလွယ်ကူစေသည့် Link များ

ထိုင်ဝမ် ရဲ့ ဆိပ်ကမ်းမြို့ Kaohsiung မှာ အနည်းဆုံး လူ ၂၄ ယောက် သေဆုံးပြီး လူပေါင်း ၂၇၀ တို့ဒဏ်ရာ ရရှိခဲ့ကြတဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပမာဏကြီးတဲ့ ဓာတ်ငွေ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ဒီကနေ့ သောကြာနေ့ မနက်မှာတော့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေကြပါတယ်။

လူဦးရေ ၂ ဒသမ ၈ သန်း နေထိုင်ရာ မြို့မှာ ဓာတ်ငွေ့ ပေါက်ကွဲမှု အနည်းဆုံး ၅ ကြိမ်ဖြစ်ခဲ့ပြီး ရာပေါင်းများစွာသော စစ်သားတွေလည်း ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ကူညီနေကြတယ်လို့ ထိုင်ဝမ် ၀န်ကြီးချုပ် Jiang Yi-huah က ပြောပါတယ်။

ဒီပေါက်ကွဲမှုတွေဟာ မြို့တွင်း Cianjhen ရပ်ကွက်ရဲ့ မိလ္လာ စနစ်အတွင်းကို ဓာတ်ငွေ့တွေ ယိုစိမ့်ဝင်တာနဲ့ ပတ်သက်နေတယ်ဆိုပြီး
ထိုင်ဝမ် သမ္မတ Mah Ying-jeou ရဲ့ အပြောကို ကိုးကားပြီး တိုင်ပေ ဗဟို သတင်းဌာန(CNA) က ဖော်ပြပါတယ်။

ဒါပေမယ့်လည်း ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို သောကြာနေ့ အစောပိုင်း အထိ ဆက်လက် လုပ်ဆောင်နေပြီး ပေါက်ကွဲခဲ့ရတဲ့ အကြောင်းရင်း ကိုတော့ ချက်ချင်း အတည်မပြုနိုင်သေတဲ့ အကြောင်း CAN က ဖော်ပြပါတယ်။

ပေါက်ကွဲမှုကြောင့် ရပ်ကွက်လမ်းမကြီးတွေပေါ်ကို မီးလုံးကြီးတွေ ဖုံးလွှမ်း သွားပြီး ပေါက်ကွဲမှု အနီးအနားက ကားတွေဟာလည်း ပျက်ဆီး လွင့်စင် တာတွေကို ဒေသတွင်း ရုပ်မြင်သံကြားတွေမှာ ပြသကြပါတယ်။

အစဦး ပေါက်ကွဲမှုမှာတင် ကျယ်ပြန့်လှတဲ့ ဧရိယ တ၀ိုက်က သစ်ပင်တွေ ပြိုလဲပြီး ပြူတင်းပေါက်တွေလည်း ကျိုးပဲ့ကုန်တယ်လို့လည်း သတင်းတွေ မှာ ဖော်ပြကြပါတယ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG