သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ပါလက်စတိုင်း တိုက်ပွဲပြန်စ


အစ္စရေးတပ်တွေဘက်က ပြန်လည်ပစ်ခတ်။ (သြဂုတ် ၁၊ ၂၀၁၄)
အစ္စရေးတပ်တွေဘက်က ပြန်လည်ပစ်ခတ်။ (သြဂုတ် ၁၊ ၂၀၁၄)

ယာယီ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် နာရီပိုင်းအတွင်း ပျက်ပြယ်ခဲ့ပြီးနောက် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဂါဇာဒေသမှာ အစ္စရေး စစ်သား တယောက်ကို ပါလက်စတိုင်း စစ်သွေးကြွတွေက ဖမ်းဆီးသွားပုံရတယ်လို့ အစ္စရေးလ် စစ်တပ်က ကြေညာခဲ့ပါတယ်။ အစ္စရေးနဲ့ ဟားမတ်စ် စစ်သွေးကြွတွေကြား လူသားချင်းစာနာထောက်ထားတဲ့ အနေနဲ့ အပစ်အခတ် ရပ်စဲဖို့ သဘောတူညီချက်ရရှိပြီး ၁ နာရီခွဲလောက်အကြာမှာပဲ ဂါဇာတောင်ပိုင်းက Rafah မြို့မှာ ဖမ်းဆီးခံခဲ့ရတာလို့လည်း စစ်တပ်တာဝန်ရှိသူတွေကို ကိုးကားပြီး အစ္စရေး မီဒီယာတွေက ဖော်ပြခဲ့ကြတာပါ။

အပစ်အခတ် ရပ်စဲရေး ပျက်ပြားပြီးနောက် အစ္စရေး စစ်တပ်က ဂါဇာတောင်ပိုင်းဒေသကို လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ရာမှာ ပါလက်စတိုင်းသား ၂၇ ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။ စစ်သွေးကြွတွေ ဘက်ကလည်း အစ္စရေးနိုင်ငံတွင်းကို ရော့ကတ်ဒ်ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြတာပါ။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ရုံးကတော့ ၃ ရက်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ပါလက်စတိုင်း စစ်သွေးကြွတွေက စတင်ချိုးဖောက်တာလို့လည်း ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ အစ္စရေး သတင်းမီဒီယာတွေမှာတော့ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီး၊ ဂါဇာဒေသမှာ အစ္စရေးလ်ရဲ့ ထိုးစစ်တွေ ပြန်လည်စတင်နေတဲ့အကြောင်း ဖော်ပြခဲ့ကြတာပါ။

ပဋိပက္ခနဲ့ ပတ်သက်လို့တော့ အစ္စရေးနဲ့ ပါလက်စတိုင်း ကိုယ်စားလှယ်တွေ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပြီး အမေရိကန် တာဝန်ရှိသူတွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဆွေးနွေးပွဲတွေ ဘယ်အချိန်ဖြစ်မလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ သီတင်း ၄ ပတ်နီးပါးကြာ တိုက်ခိုက်မှုတွေအတွင်း အရပ်သား အများစုအပါအဝင် ပါလက်စတိုင်း ၁,၄၀၀ ကျော် သေဆုံးပြီး၊ အစ္စရေး အရပ်သား ၃ ယောက်နဲ့ စစ်သား ၆၁ ယောက်လည်း သေဆုံးခဲ့ကြပါတယ်။

XS
SM
MD
LG