သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာတောင်ပိုင်း ဘေးလွတ်ရာပြေးသူ ပိုများလာ


ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းတချို့က ပါလက်စတိုင်းတွေကို ဘေးလွတ်ရာသွားကြဖို့ အစ္စရေးစစ်တပ်က သတိပေးထားတဲ့အတွက် ဒီနေ့စနေနေ့မှာ တောင်ဘက်ကို အများအပြားသွားနေကြပါတယ်။ ဂါဇာမြို့က Al Shifa ဆေးရုံက ဝန်ထမ်းအားလုံးနဲ့ ၁ ထောင်ကျော်ရှိတဲ့ လူနာတွေကိုလည်း ဘေးလွတ်ရာသွားကြဖို့ အစ္စရေးစစ်တပ်က အမိန့်ပေးထားတဲ့အတွက် တောင်ပိုင်းကို သွားနေကြပြီလို့ ပါလက်စတိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမဲ့ အစ္စရေးစစ်တပ်ကတော့ ဆေးရုံမှာရှိနေသူတွေကို ဘေးလွတ်ရာသွားခိုင်းတယ်ဆိုတာ မဟုတ်မှန်ကြောင်း၊ ဆေးရုံကနေ ဘေးလွတ်ရာသွားချင်သူတွေအတွက် လုံခြုံဘေးကင်းတဲ့ လမ်းကြောင်းတွေက သွားနိုင်အောင်လုပ်ပေးဖို့ ဆေးရုံညွှန်ကြားရေးမှူးနဲ့ ဆွေးနွေးခဲ့တာဖြစ်တယ်လို့ အစ္စရေးဘက်က ပြောပါတယ်။ ကျန်းမာရေးအခြေအနေ အတော်ဆိုးပြီး၊ ရွေ့ပြောင်းလို့ မရနိုင်တဲ့ လူနာတွေနဲ့ သူတို့ကို ကြည့်ရှုမယ့် ကျန်းမာရေးဝန်ထမ်းတွေကလွဲလို့ ကျန်တဲ့လူနာတွေနဲ့ ဝန်ထမ်းတွေအားလုံး ဆေးရုံကနေ ထွက်ခွာသွားကြပြီလို့ ဂါဇာမှာရှိတဲ့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

Hamas စစ်သွေးကြွတွေက ဒီဆေးရုံကို ကွပ်ကဲရေးဌာနချုပ်လိုအသုံးချနေတယ်လို့ အစ္စရေးစစ်တပ်က ပြောကြားပြီး ဆေးရုံထဲကို စီနင်းဝင်ရောက်ရှာဖွေမှုတွေ လုပ်နေတာပါ။ ဆေးရုံအောက်မှာ Hamas အဖွဲ့ရဲ့ မြေအောက်ဥမင်လိုဏ်ခေါင်း ဝင်ပေါက်တွေ၊ Hamas အဖွဲ့တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို ဆက်လက်ရှာဖွေနေတယ်လို့ ပြောပါတယ်။ အစ္စရေးစစ်တပ်က ဆေးရုံကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာ၊ ဝင်ရောက် စီးနင်းခဲ့တာတွေအပြင် လောင်စာဆီပြတ်လပ်မှုကြောင့် ဆေးရုံမှာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုတွေဖြစ်ပြီး မွေးကင်းစ ကလေးငယ်တွေအပါအဝင် လူနာတချို့ သေဆုံးခဲ့တယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းမှာရှိသူတွေကို တောင်ပိုင်းကို ပြောင်းရွှေ့ကြဖို့ အစ္စရေးစစ်တပ်က အရင်ထဲက ပြောထားပြီး အခုတခါ တောင်ပိုင်း ဒေသတချို့က သူတွေကိုပါ ထပ်ပြီး‌ရွှေ့ပြောင်းခိုင်းထားတာကြောင့် ဂါဇာတောင်ပိုင်းမှာပါ စစ်ဆင်ရေး လုပ်မယ့်ပုံရတယ်လို့ တွက်နေကြပါတယ်။

XS
SM
MD
LG