သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်ငံလုံးအပစ်ရပ်ရေး စစ်ရေးအရဖိအားပေးမှု KIA လက်မခံ


ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး (ယာ) နဲ့ KIO ခေါင်းဆောင် ဗိုလ်ချုပ် ဂွမ်မော် (ဝဲ) တို့အား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်းတွေ့ရစဉ်။
ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး (ယာ) နဲ့ KIO ခေါင်းဆောင် ဗိုလ်ချုပ် ဂွမ်မော် (ဝဲ) တို့အား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်းတွေ့ရစဉ်။
မြန်မာအစိုးရဘက်က စစ်ရေးအရ ဖိအားပေးရင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးမှာ မဟုတ်ဘူးလို့ KIO ကချင်လွတ်မြောက်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုရောက် ကချင်မိသားစုတွေနဲ့ စနေနေ့က တွေ့ဆုံချိန်မှာ ကချင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အစိုးရနဲ့ ကချင်စစ်တပ်ကြား တိုက်ပွဲတွေနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ဂွမ်မော်က တုန့်ပြန်ပြောဆိုလိုက်တာပါ။ အသေးစိတ်ကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုကို ၁၀ ရက်ကြာခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်ဟာ အမေရိကန်ပြည်ထောင်စုရောက် ကချင်မိသားစုတွေ၊ ကချင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံရာမှာ ကချင်ပြည်နယ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်ကို နှောင့်နှေးစေတဲ့အပြင် စစ်ရေးအရဖိအားပေးတာမျိုး KIO က လက်ခံမှာမဟုတ်ဘူးလို့ ပြောသွားပါတယ်။

“တိုက်ပွဲတွေက ဆက်ပြီးဖြစ်နေတယ်။ တိုက်ပွဲတွေကို လျှော့ချမယ်လို့ ပြောတယ်။ သို့သော်လည်းပဲ တိုက်ပွဲတွေက ဆက်ပြီးဖြစ်နေတယ်။ ဒါက ဘာကိုပြသလဲလို့ ကျနော်တို့ သုံးသပ်ကြည့်တဲ့အခါမှာ အပြန်အလှန်ကတိကို ဘယ်သူက တာဝန်ယူမလဲဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒုတိယအချက်က တဘက်နဲ့တဘက် တွန်းအားပေးတဲ့ ဖိအားပေးတဲ့သဘောမျိုးတွေ ပါပါတယ်။ ထိုးစစ်ကို နည်းနည်းလုပ်လိုက်ရင်တော့ တအာင်းအဖွဲ့နဲ့ KIO ဘက်က အလွယ်တကူများ လက်မှတ်ထိုးမလားဆိုတဲ့ အပိုင်းတွေလည်း ပါပါတယ်။ ဒါကြောင့် အခုနက ကျနော်ပြောတာ။ ကျနော်တို့က NCA အတွက် ကြိုးစားနေတဲ့အချိန်ဖြစ်တဲ့အခါမှာ ဒီလို မလုပ်ပါနဲ့၊ စစ်ရေးအရ ဖိအားပေးရင် ကျနော်တို့က လက်မှတ်ထိုးမှာ မဟုတ်ဘူးလို့ ပြောရတဲ့အနေအထား ဖြစ်ပါတယ်။”

အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးကြိုးစားခဲ့ကြတာ သုံးနှစ်ကျော်ကြာမြင့်လာပြီလို့ဆိုပါတယ်။ ဆက်လက်ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က အဆင်သင့်မဖြစ်သေးဘူးလို့ ဗိုလ်ချုပ်ဂွမ်မော်ကပြောသွားပါတယ်။

“၂၀၁၅ ရွေးကောက်ပွဲကို ကျနော်တို့က နိုင်ငံအတွက် ဆောင်ရွက်နေတဲ့ ရွေးကောက်ပွဲအနေနဲ့ မြင်သော်လည်းပဲ ကျနော်တို့ တိုင်းရင်းသားများ ဘက်ကတော့ ပါဝင်ဖို့ အဆင်သင့်မရှိသေးဘူးလို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲစနစ်ပုံစံကအစ ကျနော်တို့က အများကြီး ဆွေးနွေးဖို့လိုတယ်လို့ မြင်တယ်။ သို့သော်လည်းပဲ ဒီမိုကရေစီအရ သွားနေတဲ့ လမ်းကြောင်းတခုလုံးအပေါ်မှာ အကောင်းမြင်သော်လည်းပဲ တစ်ခုချင်းအလိုက် ဖော်ဆောင်မှုမှာကတော့ ကျနော်တို့ အားမရပါဘူး။ ၂၀၁၅ ရဲ့နောက်ပိုင်းမှာ ဘာတွေဖြစ်လာမလဲလို့ ကျနော်တို့ တခါတလေ စဉ်းစားကြည့်တဲ့အခါမှာ ၂၀၁၅ ရွေးကောက်ပွဲ ပြီးလို့ရှိရင် အခြေခံဥပဒေပြင်ဆင်ရေးကို အစိုးရက ဘယ်လို ပုံစံလုပ်မလဲ၊ တကယ်တော့ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ နိုင်ငံရဲ့ အသက်သွေးကြောဖြစ်တယ်။ တကယ်လို့သာ ဒီအခြေခံဥပဒေ ပြင်ဆင်ရေးကို ကျနော်တို့ ဘယ်သူမှ မပါဘဲနဲ့ အစိုးရက တိုင်းရင်းသားတွေ အားလုံး လက်ခံနိုင်တဲ့ ပုံစံမျိုးနဲ့ ပြင်ဆင်လို့ရှိရင် ကျနော်တို့ကို လက်မှတ်ထိုးခိုင်းစရာတောင် မလိုပါဘူး။”

ဖွဲ့စည်းပုံအခြေခံဥပဒေကို တကယ်ပဲပြင်ဆင်ရေးလုပ်မလား၊ လွှတ်တော်ကပြင်တာကို အစိုးရနဲ့ စစ်တပ်က လိုက်နာမလားဆိုတဲ့ အခြေအနေတွေကို KIO က စောင့်ကြည့်နေဆဲရှိသေးတယ်လို့လည်း ဆိုပါတယ်။

ဗိုလ်ချုပ်ဂွမ်မော်နဲ့အဖွဲ့ဟာ ဧပြီလ (၁၇) ရက်နေ့က နယူးရောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီယာနဲ့ တွေ့ဆုံရာမှာလည်း ကချင်ပြည်နယ်တွင်း နောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ အလေးထားဆွေးနွေးခဲ့တယ်လို့ ဗိုလ်ချုပ်ဂွမ်မော်က ကချင်မိသားစုတွေနဲ့တွေ့ဆုံပွဲမှာ ပြောပြခဲ့ပါတယ်။

“ကျနော်တို့ရဲ့အရေးများကို ပြောတဲ့အခါမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အာမခံချက်ရှိရှိနဲ့ ဆောင်ရွက်နိုင်ဖို့ မျှော်လင့်တာ ဖြစ်ပါတယ်။ ဒီလို အကျိုးသက်ရောက်မှုရှိအောင်လည်း ကျနော်တို့က ဒီမှာရှိတဲ့ အစိုးရ ပုဂ္ဂိုလ်များနဲ့ အခြားသော သိသင့်တဲ့သူများနဲ့ ကျနော်တို့က ပြောပါတယ်။ ဘယ်လို အကျိုးသက်ရောက်မှု ရှိမလဲလို့ စဉ်းစားတဲ့အခါမှာ ကျနော်တို့ ဖြစ်စေချင်တာက ဒီတနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို အာမခံချက် ရှိရှိနဲ့ ခိုင်မာမှု ရှိရှိနဲ့ ချုပ်ဆိုဖို့ ဖြစ်တယ်။ ဒုတိယအချက်ကတော့ စာချုပ် ချုပ်ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲများကို အဓိပ္ပာယ်ရှိသော သာမန်ဆွေးနွေးတာမျိုးမဟုတ်ဘဲနဲ့ တကယ် အဓိပ္ပာယ်ရှိတဲ့ နိုင်ငံရေး အဖြေရှာနိုင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုများ ဖြစ်ဖို့အတွက် အထောက်အကူရလိမ့်မယ်လို့ မျှော်လင့်တာ ဖြစ်တယ်။”

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း အမေရိကန် နိုင်ငံခြားရေးဌာနအပါအဝင် ဝါရှင်တန်ဒီစီမြို့တော်က နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ တိုက်ပွဲတွေ ပြန်မဖြစ်ဖို့ နှစ်ဖက်စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းတဲ့အခါမှာ နိုင်ငံတကာ အသိုင်းအဝိုင်း ကူညီပါဝင်ဖို့ လိုအပ်နေတဲ့အကြောင်း တင်ပြခဲ့တယ်လို့လည်း ဗိုလ်ချုပ်ဂွမ်မော်က ပြောသွားခဲ့ပါတယ်။
NCA – National Ceasefire Agreement
XS
SM
MD
LG