အကြောက်တရားတွေ၊ ချိုးနှိမ်မှုတွေကို ဖြစ်ပေါ်စေတဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရပ်တန့်အောင် ဆောင်ရွက်ခြင်းအားဖြင့် ကမ္ဘာတဝှမ်းက အမျိုးသမီးအားလုံးအတွက် ငြိမ်းချမ်းမှုနဲ့ ပျှော်ရွှင်မှုတွေကို ဆောင်ကြဉ်းကြဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ကနေဒါနိုင်ငံအခြေစိုက် Nobel Women’s Initiative အဖွဲ့က ဦးဆောင် လှုပ်ရှားတဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်မှုတွေ အဆုံးသတ်ရေး နိုင်ငံတကာ လှုပ်ရှားမှုကို ပေးပို့တဲ့ ဗွီဒီယိုမိန့်ခွန်းမှာ အခုလို တိုက်တွန်း ပြောဆိုသွားတာပါ။ ဒီလှုပ်ရှားမှုအကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက အပြည့်စုံ တင်ပြထားပါတယ်။
ကမ္ဘာပေါ်က ပဋိပက္ခဒေသတွေမှာ အမျိုးသမီးတွေကို အတင်းအဓမ္မ ပြုကျင့်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာအရ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး နိုင်ငံတကာ လှုပ်ရှားမှုတခုကို နိုဘဲငြိမ်းချမ်းရေးဆုရှင် အမျိုးသမီးတွေ ထူထောင်ထားတဲ့ Nobel Women’s Initiative အဖွဲ့က ဦးဆောင်ပြီး မနေ့က မေလ ၆ ရက်နေ့မှာ စတင်လိုက်တာပါ။ ဒီလှုပ်ရှားမှုကို အားပေးထောက်ခံသူတွေထဲမှာ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မန်တူးတူး၊ တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား၊ အိုင်ယာလန်သမ္မတဟောင်း Mary Robinson၊ အမျိုးသမီး နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်တွေ ဖြစ်ကြတဲ့ Jody Williams, Mairead Maguire, Shirin Ebadi, Laymah Gbowee စတဲ့ အထင်ကရ ပုဂ္ဂိုလ်တွေအပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လည်း ပါဝင်ပါတယ်။
“Peace ဝေါဟာရကို မြန်မာလိုပြန်မယ်ဆိုရင် မကောင်းမှုတွေ အဆုံးသတ်လို့ ဖြစ်ပေါ်လာတဲ့ စိတ်၏ချမ်းသာမှုလို့ ဆိုနိုင်ပါတယ်။ ကမ္ဘာတဝှမ်း အမျိုးသမီးတွေအတွက် စိတ်ချမ်းသာမှု ရရှိစေဖို့ ကြောက်ရွံ့မှုနဲ့ နှိမ်ချခံရမှုစိတ်ကို ဖြစ်ပေါ်စေတဲ့ အဓမ္မပြုကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ရပ်တန့်အောင် ဝိုင်းဝန်းလုပ်ဆောင်ကြပါစို့။”
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီလှုပ်ရှားမှုအတွက် သီးသန့်ပေးပို့ခဲ့တဲ့ ဗွီဒီယိုမိန့်ခွန်း ဖြစ်ပါတယ်။ ခုလို ကမ္ဘာတဝှမ်းက အထင်ကရ ပုဂ္ဂိုလ်တွေအပြင် Human Rights Watch, the Global Fund for Women, AIDS Free World စတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ပေါင်း ၄၀၀ ကျော်လည်း ဒီလှုပ်ရှားမှုမှာ ပါဝင်ပါတယ်။ ဒါကြောင့်လည်း ဒီလှုပ်ရှားမှုကို ထူးခြားစေတာဖြစ်တယ်လို့ ဒီလှုပ်ရှားမှုဖြစ်မြောက်ရေး ဦးဆောင်သူတစ်ဦးဖြစ်တဲ့ Nobel Women’s Initiative အဖွဲ့က မရီမွန်ထွန်းက ပြောပါတယ်။
“တခါမှ ဒါမျိုးလှုပ်ရှားမှုမျိုး ကမ္ဘာမှာ မရှိခဲ့ပါဘူးရှင့်။ အခု နိုဘဲလ်ငြိမ်းချမ်းရေးဆုရတဲ့ အမျိုးသမီးတွေလည်း ပါဝင်တယ်။ အဲဒါအပြင် Human Rights Watch၊ Amnesty International လို အဖွဲ့တွေ ပါသလို နိုင်ငံတကာအဖွဲ့တွေ ၄၀၀ ကျော် ပါတယ်။ ဒီလိုမျိုး လှုပ်ရှားမှုမျိုး အရင်တုန်းက ၁၉၉၇ ခုနှစ်တုန်းက တခါ ရှိဖူးတယ်ရှင့်။ အဲဒီလှုပ်ရှားမှုကတော့ Landmine ပေါ့နော်။ မြေမြှုပ်မိုင်းတွေကို ကာကွယ်ဖို့အတွက် အဲဒီဟာကလည်း ကျမတို့ အခုလှုပ်ရှားမှုထဲမှာ ပါဝင်တဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆုရတဲ့ ဂျိုဒီဝီလျံ လုပ်ခဲ့ပါတယ်ရှင့်။ အဲဒီ လှုပ်ရှားမှုတုန်းကလည်း ဒီကိစ္စတခုသည် ကမ္ဘာပေါ်မှာလည်း သိနေတယ်၊ ဒါပေမဲ့ ဘဝတွေ မပြောင်းခဲ့ဘူး။ ပြဿနာတွေ ရှိခဲ့တယ်။ အဲဒီလှုပ်ရှားမှု အောင်မြင်တဲ့အတွက် အခုနောက်ပိုင်း တရားဥပဒေတွေ လုံးဝပြောင်းပြီးတော့ လူတွေ ကမ္ဘာတခုလုံးက ဒီ မြေမြှုပ်မိုင်းကို လုံးဝမသုံးတာ ဖြစ်သွားတယ်ရှင့်။ အဲဒီ လှုပ်ရှားမှုလိုပဲ ကျမတို့အခု ဒီလှုပ်ရှားမှုကို အမျိုးသမီး အကြမ်းဖက်မှုတွေ၊ အဓမ္မပြုကျင့်မှုတွေ၊ လိင်ပိုင်းဆိုင်ရာအရ အနိုင်ကျင့်မှုတွေ ရပ်စဲပြီးတော့ အမျိုးသမီးတွေ လိုအပ်တဲ့ အကူအညီတွေ ရပါစေလို့ ဆုတောင်းပြီးတော့ ဒီလှုပ်ရှားမှုကို ထောင်ခဲ့ပါတယ်။”
မေလ ၁၃ ရက်နေ့အထိ သီတင်းတပတ်ကြာ ပြုလုပ်မယ့် ဒီလှုပ်ရှားမှုကို မြန်မာနိုင်ငံ၊ ကင်ညာ၊ ကိုလံဘီယာ နဲ့ ကွန်ဂိုသမ္မတ နိုင်ငံတွေမှာ ကြုံတွေ့နေရတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေတွေကို အဓိက မီးမောင်းထိုးပြပြီး ကမ္ဘာတဝှမ်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအရ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး လှုပ်ရှားသွားမှာ ဖြစ်တယ်လို့ မရီမွန်ထွန်းက ပြောပါတယ်။
“အာရှမှာဆိုရင် အဆိုးရွားဆုံးကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ဟာတွေ ဖြစ်ပါတယ်။ ပြီးတော့ တောင်အမေရိက မှာဆိုရင်တော့ ကိုလံဘီယာ နိုင်ငံမှာ ဆိုးပါတယ်။ အဲဒါအပြင် အာဖရိကမှာတော့ ကင်ညာ နဲ့ ကွန်ဂိုမှာက တော်တော်ဆိုးဆိုးရွားရွား ဖြစ်တဲ့အတွက် ဒီနိုင်ငံ လေးနိုင်ငံကို ရွေးပြီးတော့ အမျိုးသမီးအခွင့်အရေး ချိုးဖောက်မှုတွေ အများဆုံး နိုင်ငံတွေလို့ ပြောလို့ရတဲ့အတွက် ဒီလှုပ်ရှားမှုက တကမ္ဘာလုံးအတွက် ရည်မှန်းပေမဲ့ ဒီလေးနိုင်ငံကို ကျေးဇူးပြုပြီးတော့ ကူညီပါဆိုပြီး ပြောချင်တဲ့အတွက် ဒီလေးနိုင်ငံကို ရွေးခဲ့ပါတယ်ရှင့်။”
အမျိုးသမီးတွေအပေါ် မုဒိန်းကျင့်မှု အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ ပဋိပက္ခဒေသတွေမှာ အများဆုံး ကြုံနေရတာပါ။ မြန်မာနိုင်ငံမှာ ဆိုရင်လည်း အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတဲ့ တိုင်းရင်းသား ဒေသတွေမှာ အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာအရ အကြမ်းဖက်မှုတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကြုံတွေ့နေရတဲ့အကြောင်း ကုလသမဂ္ဂ အပါအဝင် လူ့အခွင့်အရေး အဖွဲ့တွေရဲ့ အစီရင်ခံစာတွေမှာ ဖော်ပြနေကြတာပါ။ ဒီလိုမျိုး မြန်မာနိုင်ငံက အခြေအနေတွေကို လေ့လာဖို့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာ အမျိုးသမီးရေးရာ သံအမတ်ကြီး Melanne Veveer ဟာလည်း အခုရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။