သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၉၉ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ ကျင်းပ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ချုပ်မှာ ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (ဖေဖော်ဝါရီလ ၁၃၊ ၂၀၁၄) သတင်းဓာတ်ပုံ Credit to Ma May FB
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ချုပ်မှာ ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (ဖေဖော်ဝါရီလ ၁၃၊ ၂၀၁၄) သတင်းဓာတ်ပုံ Credit to Ma May FB
ဒီကနေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၉ နှစ်မြောက် မွေးနေ့ ဖြစ် ပါတယ်။ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကို ကလေးများနေ့ အဖြစ်လည်း သတ်မှတ်ထားပြီးတော့ ဒီကနေ့မှာပဲ နိုင်ငံတဝန်းက ကလေးငယ်တွေ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ဓာတ်ကို လေးစား အတုယူ အားကျဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားပြီး တိုက်တွန်းခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာဖြစ်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၉ နှစ်မြောက် မွေးနေ့ အမှတ်တရ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ ဒီနေ့ခေတ်လူငယ်တွေ အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို အတုယူပြီး နိုင်ငံနဲ့ လူမျိုးအကျိုးကို သယ်ပိုး ထမ်းရွက်ကြပါ လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

" ဗိုလ်ချုပ်အောင်ဆန်းရဲ့ဘဝကို စံနမူနာယူပြီးတော့ ဟိုး နတ်မောက် ဆိုတဲ့ တောမြို့လေးက တောသားလေးပေါ့နော်။ ပထမဆုံး ဖေဖေ စာသင်ယူခဲ့တာ ကတော့ ဘုန်းကြီးကျောင်းမှာပါပဲ။ အဲ့တော့ ဘုန်းတော်ကြီးကျောင်းမှာ စာသင်ယူခဲ့တယ်။ ဒီတောသားလေး ကနေပြီးတော့ နိုင်ငံထိပ်တန်းခေါင်းဆောင်တစ်ယောက် တင်မကဘူး။ တကမ္ဘာလုံးက အသိအမှတ်ပြုရတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်အောင်လို့ ဘယ်လိုလုပ်ခဲ့သလဲဆိုတာကို စဉ်းစားကြပါ။ စဉ်းစားပြီးတော့ ကိုယ့်ကိုကိုယ်လည်း ကိုယ့်နိုင်ငံအတွက် ကိုယ့်တိုင်းပြည်အတွက် တင်မက လူသားများအတွက် တန်ဖိုးရှိတဲ့ လူသားတစ်ယောက်ဖြစ်လာဖို့ ကြိုးစားကြပါလို့ ကျမအနေနဲ့ တိုက်တွန်းချင်ပါတယ်။"

ကလေးများနေ့ အဖြစ် သတ်မှတ်ထားတဲ့ ဗိုလ်ချုုပ်ရဲ့ မွေးနေ့မှာ အခြားအမှတ်တရအနေနဲ့ အခမ်းအနားတွေ ထူးထူးခြားခြား ကျင်းပတာမျိုးတော့ မရှိပေမဲ့ ရန်ကုန်မှာ ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နေအိမ်ကို ပြည်သူတွေက သွားရောက်ကြတာ၊ ဗိုလ်ချုပ်ရဲ့ ကြေးရုပ်ရှေ့မှာ ဂါရဝ ပြုတာတွေကိုတော့ ဒီကနေ့မှာ ပြုလုပ်ခဲ့တာတွေ ရှိပါတယ်။

မြန်မာနိုင်ငံက ကလေးငယ်တွေအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ကြည့်မယ် ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ဒြပ်တစ်ခု ထဲကို ကွက်မကြည့်ပဲနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ပြည်သူတွေက ဘာကြောင့် ချစ်ခင်လေးစားကြတယ် ဆိုတာကို လေ့လာကြည့်စေချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

"ကလေးများအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းဆိုပြီး စဉ်းစားတဲ့အခါမှာ ဂုဏ်ကိုပဲ မကြည့်ပါနဲ့။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ နံမည်ကြီးတယ်။ ကျော်ကြားတယ်။ ဂုဏ်ရှိတယ်။ အဲ့လိုဘက်က မကြည့်ပါနဲ့။ ဗိုလ်ချုပ်အောင်ဆန်းကို ဘာဖြစ်လို့ ပြည်သူတွေက ချစ်ခင်လဲ။ လေးစားလဲ။ ကြည်ညိုလဲ။ အဲ့ဒီ့အကြောင်းရင်းတွေကို သေသေချာချာ လေ့လာပါ။ နောက်ပြီး ကိုယ်ဟာ
ကိုယ့်ရဲ့ အသိုင်းအဝိုင်းမှာ လူတွေ ချစ်ခင်တဲ့ ပုဂ္ဂိုလ် တစ်ယောက်၊ လူတွေ လေးစားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ချင်လို့ရှိရင် အဲ့ဒီ့လိုဖြစ်အောင်လို့ ကိုယ့်ကိုကိုယ် ပြုစုပျိုးထောင်ကြပါ။"

မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာအုပ်ချုပ်လာတဲ့ အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်မှုကို ဖိအားအမျိုးမျိုးပေးပြီး စေ့စပ်ညှိနှိုင်းမှုနဲ့ မြန်မာ့လွတ်လပ်ရေးရအောင် ဗို်လ်ချုပ်အောင်ဆန်းက စွမ်းဆောင်ပေးခဲ့တာပါ။ လက်ရှိ မြန်မာနိုင်ငံရေးမှာ လည်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စွမ်းဆောင်မှုမျိုးတွေနဲ့ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီ ပန်းတိုင်ရောင်အောင် ဆောင်ကြဉ်းပေးနိုင်ဖို့ လိုတယ်လို့လည်း သမိုင်း စာအုပ်ပေါင်းများစွာကို ရေးသားခဲ့တဲ့ ဝါရင့်စာရေးဆရာကြီးတစ်ဦး ဖြစ်တဲ့ တက္ကသိုလ်စိန်တင်က ပြောပါတယ်။

"ဆွေးနွေးစေ့စပ်ခြင်းဖြင့် လွတ်လပ်ရေးကို ရရှိနိုင်ခဲ့တဲ့ အခြေအနေ ကို ရောက်လာတဲ့ ၁၉၄၇ခုနှစ်ကျတော့ တစားပွဲတည်း ထိုင်ပြီးတော့ အင်္ဂလိပ်နန်းရင်းဝန် အက်တလီနဲ့ မြန်မာ့လွတ်လပ်ရေးကြီးကို ရအောင်
ဗိုလ်ချုပ်အောင်ဆန်း ကြံဆောင်ကြိုးပမ်းနိုင်ခဲ့တယ်။ ဒီကနေ့ မြန်မာနိုင်ငံ အခြေအနေမှာလည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အဖေတူ သမီးပီသစွာနဲ့ အကြမ်းဖက်တဲ့နည်းနဲ့ မလုပ်ပဲ ငြိမ်းချမ်းစွာ ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ လောလောလတ်လတ် ရရှိရန်လိုအပ်နေတဲ့ ဒီမိုကရေစီခရီးကို ချီတက်ဖို့ ကြိုးပမ်းနေတာ အားလုံးသိပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဗိုလ်ချုပ်အောင်ဆန်း လျှောက်လှမ်းခဲ့ တဲ့ စေ့စပ်ဆွေးနွေးခြင်းဖြင့် ချီတက်တဲ့ မြန်မာ့လွတ်လပ်ရေးခရီးကို ရသလိုပဲ ဒီကနေ့ မြန်မာနိုင်ငံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ စေ့စပ်ဆွေးနွေးခြင်းဖြင့် အနုနည်းဖြင့် ချီတက်ပြီးတော့ မြန်မာနိုင်ငံ ဒီမိုကရေစီကို ပြည်သူများလက်ဝယ်ရောက်ရှိအောင် ဆောင်ကျဉ်းပေးနိုင်မယ်လို့ တက္ကသိုလ်စိန်တင်က မျှော်လင့်နေပါတယ်။"

ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်တာဟာ အခုဆိုရင် နှစ်ပေါင်း ၆၇ နှစ် ရှိခဲ့ပြီဖြစ်ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ မြန်မာလူငယ်တွေရဲ့ နှလုံးသားမှာ ထာဝရ ကိန်းအောင်းနေဆဲဖြစ်တယ်လို့ လည်း သင်္ချာမေဂျာနဲ့ အထူးပြုဘာသာရပ်နဲ့ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်က တတိယနှစ် ကျောင်းသူ မလဝန်းဖြူက အခုလိုပြောပါတယ်။

“ ဗိုလ်ချုပ်အောင်ဆန်းကို ကျမ အနေနဲ့လည်း လေးစား အားကျပါတယ်။ မြန်မာနိုင်ငံ မှာ ဗိုလ်ချုပ်အောင်ဆန်းလို လူမျိုးတွေ တစ်ယောက်မက ပေါ်ထွန်းသင့်ပါတယ်။ အနာဂတ်မှ ခေါင်းဆောင်ဖြစ်လာမဲ့ လူငယ်တွေ အနေနဲ့လည်း ဗိုလ်ချုပ်ရဲ့ တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ် ကိုယ်နိုင်ငံပေါ်မှာ ထားရှိစေချင်ပါတယ်။ ကျမ အနေနဲ့တော့ ဗိုလ်ချုပ်ဟာ ကွယ်လွန်သွားတဲ့ လူတစ်ယောက်လို မခံယူထားပါဘူး။ ထာဝရ ရှင်သန်နေဆဲဖြစ်တယ်လို့ ထင်ပါတယ်။”

၁၉၁၅ ခုနှစ်မှာ မွေးဖွားပြီးတော့ မြန်မာလွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ လုပ်ကြံသူတစ်စု ရဲ့ လက်ချက်နဲ့ ရန်ကုန်မြို့မှာ ရှိတဲ့ အတွင်းဝန်ရုံးမှာကျဆုံးခဲ့တာပါ။
XS
SM
MD
LG