သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ် နှစ် ၁၀၀ပြည့်


ဗိုလ်ချုပ် ရာပြည့်အခမ်းအနား-ပျော်ဘွယ်မြို့နယ် - သတင်းဓာတ်ပုံ- NLD Chairperson FB
ဗိုလ်ချုပ် ရာပြည့်အခမ်းအနား-ပျော်ဘွယ်မြို့နယ် - သတင်းဓာတ်ပုံ- NLD Chairperson FB

ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့ဟာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ ဖြစ်ပါတယ်။ တိုင်းပြည် နယ်ချဲ့လက်အောက်က လွတ်မြောက်ရေး အသက်ပေးပြီး တိုက်ပွဲဝင်သွားတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အာဇာနည်စိတ်ဓာတ် သူချမှတ်ခဲ့တဲ့ လမ်းစဉ်တွေကို နောင်မျိုးဆက်သစ် လူငယ်တွေ အကောင်အထည်ဖော်ဖို့ ဗိုလ်ချုပ်မျှော်မှန်းတဲ့ ဒီမိုကရေစီတိုင်းပြည် ထူထောင်နိုင်ဖို့ မြန်မာပြည်သူတွေ ကြိုးစားဆောင်ရွက်ကြဖို့ လိုတယ်လို့ ဗိုလ်ချုပ်ကို လေးစားမြတ်နိုးသူတွေက တိုက်တွန်းနိုးဆော်လိုက်ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့ မှာကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှစ်တရာပြည့် အထိမ်းအမှတ် ပြည်ပရောက်မြန်မာနိုင်ငံသား ဒီမိုကရေစီ အင်အားစုတွေရဲ့ လေးစားဂုဏ်ပြုစကားတွေကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

၁၉၁၅ခုနှစ်က မွေးဖွားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း အတွက် ဒီနှစ် ၂၀၁၅ခုနှစ် ကတော့ နှစ်တစ်ရာ တင်းတင်းပြည့်တဲ့ မွေးနေ့ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မွေးနေ့ နှစ်တစ်ရာပြည့် အခမ်းအနားကို ဗိုလ်ချုပ်ရဲ့ ဇာတိ မကွေးခရိုင် နတ်မောက်မြို့ အပါအဝင် တနိုင်ငံလုံးအတိုင်းအတာနဲ့ ရာပြည့်အခမ်းအနားတွေကို ကြီးကျယ်ခမ်းနားစွာ ကျင်းပကြသလို ပြည်ပရောက် မြန်မာနိုင်ငံ သူ မြန်မာနိုင်ငံသားတွေကလည်း ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်မွေးနေ့ကို အလေးအနက်ထားပြီး ဂုဏ်ပြုအခမ်းအနားတွေ ကျင်းပကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ တိုင်းပြည်အပေါ် ထားတဲ့ စွန့်လွှတ်အနစ်နာခံတဲ့ စံပြစိတ်ဓာတ်တွေကို နောင်လာမျိုးဆက်သစ်တွေ အတုယူကြစေလိုတယ်လို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစ်ကိုအရင်းဖြစ်သူ ဦးဘဝင်းရဲ့ သား ဗိုလ်ချုပ်ရဲ့ တူအရင်းဖြစ်သူ ဒေါက်တာစိန်ဝင်းက အခုလို အမှတ်တရ ဂုဏ်ပြုစကားပြောကြားပါတယ်။

“ ဒီကနေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ နှစ်တစ်ရာဆိုတော့ အထူးအချိန်အခါ သာမယပေါ့နော်။ ဗိုလ်ချုပ်အောင်ဆန်း ရည်မှန်းတဲ့ တိုင်းပြည်ကြီး ဖြစ်စေချင် တယ်နော်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လုပ်ရပ်တွေ၊ ပြည်သူလူထု အပေါ်မှာ သူ့ရဲ့ စေတနာတွေ၊ သူရိုးသားတယ်။ ကြိုးစားတယ်။ လူငယ်တွေအတွက်လည်း စံပြဖြစ်တာပေါ့နော်။ နောက်ပြီး တိုင်းပြည် တိုးတက်စေချင်တယ်။ ကျနော်တို့တွေက ရှေ့ကို မသွားနိုင်ဘူး။ နောက်ကိုပဲ ရောက်ရောက်နေတယ်။ တိုးတက်ဖို့ ဆိုတာ ဒီနေရာမှာ ကျနော် နိုင်ငံရေးစကား မပြောလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းက စခဲ့တာ။ ဗိုလ်ချုပ်အောင်ဆန်း ကလည်း သေချာပြောတယ်။ ဘယ်သူမှ အခွင့်အရေး မယူပါနဲ့။ ဗမာတစ်ကျပ်၊ ကရင်တစ်ကျပ် အကုန်လုံး ဒီအတိုင်းပဲ ဒါလူမျိုးစုနဲ့ပတ်သက်တဲ့ ပြောတာ၊ သို့သော်လည်းပဲ ကျန်တဲ့နေရာတွေမှာ ကျနော်တို့ အကုန် ညီတူညီမျှ ဖြစ်ရမှာပေါ့။ စစ်တပ် တပ်မတော်က အခွင့်အထူးခံ ဟုတ်လား။ ဒါမျိုးတွေတော့ မရှိသင့်ဘူး ကျနော်မြင်တယ်။”

ဗိုလ်ချုပ် မျှော်မှန်းချက်ထားတဲ့ တိုင်းပြည်နိုင်ငံကို ထူထောင်ကြဖို့ အရေးကြီးတယ်ဆိုတာ မြန်မာတပြည်လုံးက ပြည်သူပြည်သားတွေနဲ့ အနာဂတ် ကျောင်းသားလူငယ်တွေက သိရှိဖို့ အရေးကြီးတယ်လို့ သြစတြေးလျနိုင်ငံ ဆစ်ဒနီအခြေစိုက် မြန်မာ့ရေးရာတာဝန်ခံ ဒေါက်တာမြင့်ချိုကပြောပါတယ်။

“ကျနော်တို့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အရည်အချင်းတွေ၊ အောင်ဆန်းစိတ်ဓာတ်ဆိုတာ ဘာလဲ။ အောင်ဆန်း လမ်းစဉ်ဆိုတာ ဘာလဲ။ ကျနော်တို့အားလုံးဟာ အောင်ဆန်း စိတ်ဓာတ်ကို မွေးမြူ၊ အောင်ဆန်းလမ်းစဉ်ကို ကိုင်ဆွဲပြီး အောင်ဆန်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ အယူဝါဒပေါင်းစုံ၊ မြန်မာပြည်သူလူထု တရပ်လုံးရဲ့ လိုလားတောင့်တနေကြတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ငြိမ်းချမ်းပြီး တကယ့်ကို ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာဖို့ ဆိုတဲ့ကိစ္စကို အကောင်အထည်ဖော်ကြဖို့ပေါ့နော်။ ဒါမှသာလျှင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျေးဇူးကို ကျနော်တို့ ဆပ်ရာရောက်မယ်။ ကျနော်တို့ အားလုံးက မျိုးဆက်သစ်လူငယ်တွေ ပညာပေးပြီးတော့ ဗိုလ်ချုပ်လိုမျိုးပဲ အာဇာနည် သူရဲကောင်းတွေ ပေါ်ပေါက် လာအောင် ကြိုးစားပေးကြပါလို့်။”

တိုင်းပြည်အတွက် လိုအပ်တဲ့အချိန် ခက်ခဲကြမ်းတမ်းလှတဲ့ စစ်အနိဋ္ဌာန်ရုံတွေနဲ့ ဗိုလ်ချုပ်က ဖြတ်သန်းတိုက်ပွဲဝင်ခဲ့ပေမဲ့ ဗိုလ်ချုပ်ရဲ့ နူးညံ့တဲ့ နှလုံးသားမှာ အနုပညာ စာပေ ကဗျာကို ချစ်မြတ်နိုးတဲ့ စိတ်ရှိတယ်လို့ အမေရိကန် မစ်ရှီဂန်ရောက် ကဗျာဆရာဦးအောင်ဝေးကလည်း အခုလို ဂုဏ်ပြုစကားဆိုပါတယ်။

“ ဗိုလ်ချုပ်ပြောခဲ့တယ် လောကမှာ အမှန်တရား မြတ်နိုးခြင်းနဲ့ ရိုးသားခြင်းက အရေးအကြီးဆုံးပဲတဲ့။ ဗမာပြည်ကို အုပ်စိုးသွားတဲ့ အင်္ဂလိပ်ဘုရင်ခံ ဆာဒေါ်မန်စမစ်က ပြောဖူးတယ်။ ရိုးသားတည်ကြည်မှုနဲ့ပတ်သက်ရင် ဗိုလ်ချုပ်အောင်ဆန်းအပေါ်မှာ စိုးစဉ်းမျှ သံသယမရှိကြပါလေနဲ့ တဲ့။ အောင်ဆန်းစိတ်ဓာတ်လို့ပြောရင် အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ်ပဲ။ ဗိုလ်ချုပ်က ကြမ်းတမ်းတဲ့ တော်လှန်ရေးတွေကို ဖြတ်သန်းရတယ်။ စစ်သားဟောင်းကြီးလည်း ဖြစ်ခဲ့တယ်။ ညစ်ပတ် ရှုပ်ထွေးတဲ့ နိုင်ငံရေးလောကထဲမှာ လည်း ရုန်းကန်လှုပ်ရှားခဲ့ရတယ်။ ဒါပေမဲ့ သူ့နှလုံးသားအတွင်းမှာ နက်နက်ရှိုင်းရှိုင်း အနုပညာဆိုတာ ရှိတယ်။”

စစ်အစိုးရလက်ထက် အာဏာပိုင်တွေအဆက်ဆက်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံရိပ်ကို မှေးမှိန်အောင် လုပ်ဆောင်ခဲ့ပေမဲ့ အခုအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်တစ်ရာပြည့် အခမ်းအနား ကို မြန်မာနိုင်ငံ တဝှမ်း ခြိမ့်ခြိမ့်သဲ ကျင်းပနိုင်လာတဲ့အပေါ် ကြိုဆိုပြီး တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံသွားတဲ့ အာဇာနည်တွေကို လေးစားတန်ဖိုးထားဖို့ လိုအပ်တယ်လို့ လည်း မြန်မာဒီမိုကရေစီရေးအင်အားစု Free Burma တောင်အာဖရိကရဲ့ ဥက္ကဋ္ဌ ဒေါက်တာသိန်းဝင်းကလည်းပြောပါတယ်။

“ နှစ်ပေါင်းမြောက်မြားစွာ ကျနော်တို့ ဗိုလ်ချုပ်ကို ဘေးမှာ ဖယ်ထားခံရတာ။ ဒါပေမဲ့ ဒီနေ့ ဗိုလ်ချုပ်ကို သတ်သတ်မှတ်မှတ် ဂုဏ်ပြုလို့ရတယ်။ ဗိုလ်ချုပ်ရဲ့ နှစ်တစ်ရာပြည့်ကို အခုလို လုပ်နိုင်တာဟာ တကယ်ကတော့ ဗမာပြည်သူလူထုရဲ့ စွမ်းဆောင်မှုကြောင့် လုပ်နိုင်တာ ဖြစ်တဲ့အတွက် တနိုင်ငံလုံးက ပြည်သူလူထုကို ကျနော် ကျေးဇူးတင်တယ်။ လေးစားတယ်။ ဂုဏ်ပြုတယ်လို့ပဲ ကျနော်ပြောပါရစေ။”

ဒီကနေ့ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှစ်တစ်ရာပြည့် ရာပြည့်အခမ်းအနားကို သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးစီးပြီး စာပေဟောပြောပွဲတွေ၊ ပညာရှင်တွေက ဗိုလ်ချုပ်ပုံတူရုပ်တုတွေ ထုဆစ်သွန်းလုပ်တာ၊ ဗိုလ်ချုပ်ပုံတူ ပန်းချီပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနဲ့ အငြိမ့်သဘင် အခမ်းအနားတွေနဲ့အတူ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ် ကို တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ဂုဏ်ပြုကျင်းပနေကြတာဖြစ်ပါတယ်။

XS
SM
MD
LG