သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချူပ်အောင်ဆန်း ရာပြည့်ပွဲ ဆင်နွှဲကြ မြန်ပြည်ခွင်


ဗိုလ်ချုပ်ရာပြည့်ပွဲတော် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော။ (ဖေဖော်ဝါရီ ၁၃၊ ၂၀၁၅)
ဗိုလ်ချုပ်ရာပြည့်ပွဲတော် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော။ (ဖေဖော်ဝါရီ ၁၃၊ ၂၀၁၅)

ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်တစ်ရာပြည့်မွေးနေ့ပွဲတွေကို တစ်နိုင်ငံလုံးမှာ ခြိမ့်ခြိမ့်သဲ ကျင်းပနေကြရာမှာ ဗိုလ်ချုပ်ရဲ့ မွေးရပ်ဇာတိ နတ်မောက်မြို့မှာ ကျင်းပခဲ့တဲ့ ရာပြည့်ပွဲ အခမ်းအနားကို သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ လည်းဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ပြီး ထောင်သောင်းချီတဲ့ ပရိသတ်တွေကို မိန့် ခွန်းပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မအင်ကြင်းနိုင်က သတင်းပေးပို့ထားပါတယ်။

အရင်နှစ်တွေနဲ့မတူပဲ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲကို ဒီနှစ်မှာ တိုင်းနဲ့ ပြည်နယ် အနှံ့ ခမ်းခမ်းနားနားကျင်းပခဲ့တာပါ။ ဒီလိုကျင်းပတာဟာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံမခံရခင် အချိန်ထိ အစဉ်တစိုက် အလေးအနက်ပြောသွားတဲ့ မှာကြားချက်တွေကို လက်တွေ့အကောင်အထည်ဖေါ်ဖို့ ဒီကနေ့ ပြည်သူတွေဆက်ပြီး ဝိုင်းဝန်းကြိုးပမ်းကြဖို့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က နတ်မောက်မြို့မှာကျင်းပတဲ့အခမ်းအနားမှာ အခုလို ပြောသွားပါတယ်။

"နှစ် ၁၀၀ တိုင် ဖေဖေရဲ့ နာမည်ဟာ ကျမတို့နိုင်ငံမှာရော ကမ္ဘာမှာရော သိက္ခာရှိရှိနဲ့ ဆက်ပြီးတော့ ရှိသွားနိုင်တဲ့ အကြောင်းရင်းဟာ ဖေဖေရဲ့ ရိုးသားဖြောင့်မတ်မှုပဲ ဖြစ်ပါတယ်။ ကျမတို့ရဲ့ ပြည်သူပြည်သားများ ဟာ ဖေဖေ့ အမွေတွေကို ဆက်ခံတယ်ဆိုလို့ရှိရင် တကယ့်စစ်မှန်တဲ့ ညီညွတ်တဲ့ ဒီမိုကရေစီပြည်ထောင်စုတစ်ခု ထူထောင်သွားဖို့ ကြိုးစားကြပါလို့ ကျမအနေနဲ့ တိုက်တွန်းချင်တယ်"

နတ်မောက်မြို့က ဗိုလ်ချုပ်ရာပြည့်ပွဲကို နိုင်ငံတဝှမ်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်တွေနဲ့ ပြည်သူတွေ ထောင်နဲ့ချီပြီး တက်ရောက်လာခဲ့ကြတာပါ။ ဒါအပြင် နတ်မောက်မြို့က ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့တဲ့အိမ် လက်ရှိပြတိုက်အဖြစ် ဖွင့်လှစ်ထားတဲ့နေရာမှာ အခမ်းအနားအစီစဉ်တွေ ကျင်းပခဲ့ပုံ ကိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ လိုက်ပါသွားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက အခုလိုပြောပြပါတယ်။

"ဗိုလ်ချုပ်မွေးဖွားခဲ့တဲ့နေရာဖြစ်တဲ့ ဗိုလ်ချုပ်ပြတိုက်ကို အခု ပြုလုပ်ထားတယ်။ ဗိုလ်ချုပ်နေအိမ်မှာပဲ။ အခင်း လေးနာရီလောက်မှာ အာရုဏ်ဆွမ်း ဆွမ်းလောင်းတာပေါ့လေ။ သင်္ကန်းတွေလည်း ကပ်ပါတယ်။ အဲဒီရှေ့မှာက အိမ်ရှေ့မှာကတော့ မြန်မာပြည်ကျောက်စိမ်းပေါ့လေ ဆိုင်းဝိုင်းကြီးနဲ့ ဧည့်ခံဖြေဖျော်တာ ၆ နာရီလောက်က စပြီးပြုလုပ်ပါတယ်။ ဗိုလ်ချုပ်ရဲ့ နေအိမ်ဝင်း အတွင်းမှာ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ပြည့် အထိမ်းအမှတ် ကဗျည်းကျောက်စာတိုင်ကို သီတဂူဆရာတော်ကြီးရဲ့ အစီအစဉ်နဲ့ ပြုလုပ်ထားပြီးမှ ဖွင့်ပွဲကို မနက် ၉ နာရီလောက်မှာပေါ့လေ ဆရာတော်ကြီးအပါအဝင် ဆရာတော် အရှင် ကေစိန္ဒ ဆရာတော်ကြီးတစ်ပါး အပါအဝင်ပေါ့လေ ကျနော်တို့ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လာရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒါအပြင် ဗိုလ်ချုပ်ပုံတူရုပ်ထု ဆီလီကွန် ရုပ်တုကိုလည်း ဗိုလ်ချုပ်အောင်ဆန်း စာဖတ်နေတဲ့ ပုံသဏ္ဍာန်နဲ့ ဗိုလ်ချုပ်အောင်ဆန်းထိုင်ခဲ့တဲ့ ပက်လက် ကုလားထိုင်မှာ ပြတိုက်ထဲမှာထားဖို့ကိုလည်း ဒါ ယဉ်ကျေးမှုဝန်ကြီးဌာန သက်ဆိုင်ရာရုပ်တုနဲ့ တကွ စာရွက်စာတမ်း လက်ခံတဲ့ အခမ်းအနားကိုလည်း တိုက်ရိုက်ပြုလုပ်ခဲ့ပါတယ်"

ဗိုလ်ချုပ်ရာပြည့်ပွဲကို ပြည်သူတွေကိုယ်တိုင် ဦးစီးကျင်းပတာကိုကြည့်မယ် ဆိုရင် မြန်မာ့လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ကြိုးပမ်းချက်တွေ အပေါ် လူထုရဲ့ လေးစားမှု အတိုင်းအတာကိုတွေ့နိုင်တယ်လို့လည်း ဦးမင်းသူကပြောပါတယ်။

"အခုလို ကျင်းပတာ သာမန် ကျင်းပနည်းမျိုး မဟုတ်ဘဲနဲ့ တစ်စုံတစ်ယောက်က အမိန့်ပေးတာ မဟုတ်ဘဲနဲ့ ဒါ ကျနော်တို့ ဒီနှစ်ဗိုလ်ချုပ်ကို ထူးထူးခြားခြား ဂုဏ်ပြုရမယ် ဗိုလ်ချုပ်ကို ချီးမြှောက်ရမယ် ဗိုလ်ချုပ်လမ်းစဉ် ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ သဘောတရားတွေ ကျနော်တို့တိုင်းပြည်နဲ့ လူမျိုးအပေါ် ထားခဲ့တဲ့စေတနာတွေ နိုင်ငံ ထူထောင်ရေး စိတ်ဓါတ်တွေ ကို ပြည်သူတွေက လိုချင်လို့ပဲလို့ ကျနော်ဒီလိုပဲ သဘောပေါက်ပါတယ်"

နတ်မောက်မြို့မှာ ကျင်းပတဲ့ အခမ်းအနားကို မြန်မာအစိုးရဘက်က သဝဏ်လွှာပေးပို့ တာမျိုး မရှိပေမယ့် လုံခြုံရေးကို သက်ဆိုင်ရာရဲအာဏာပိုင်တွေက ဝိုင်းဝန်းဆောင်ရွက်တာတွေရှိတယ်လို့ ဦးမင်းသူကပြောပါတယ်။ အလားတူ မန္တလေးနဲ့ ရန်ကုန်မြို့တွေမှာလည်း ဗိုလ်ချုပ်ရာပြည့်ပွဲ အခမ်းအနားတွေကို စည်စည်ကားကား ကျင်းပခဲ့ပါတယ်။

နတ်မောက်မြို့ အခမ်းအနားအပြီးမှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ကျောက်ဆည်မြို့ က ဒေသခံတွေ တည်ဆောက်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဖွင့်ပွဲကို တက်ရောက်ခဲ့ပြီး သောကြာနေ့ညမှာ မန္တလေးမြို့မှာ ညအိပ်ရပ်နားမှာဖြစ်ပါတယ်။

XS
SM
MD
LG