သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ် နှစ်တရာမွေးနေ့ မေရီလန်းမှာ ဆင်နွှဲ


မေရီလင်းပြည်နယ်၊ Rockville မြို့က ဗိုလ်ချုပ်နှစ်တရာပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲ (ဓာတ်ပုံ/အတာ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅
မေရီလင်းပြည်နယ်၊ Rockville မြို့က ဗိုလ်ချုပ်နှစ်တရာပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲ (ဓာတ်ပုံ/အတာ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅

မြန်မာနိုင်ငံရဲ့လွပ်လပ်ရေးဖခင်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ နှစ်တရာပြည့် ပွဲတွေကို ပြည်တွင်းပြည်ပ နေရာအသီးသီး ကျင်းပနေရာမှာ အမေရိကန်ပြည်ထောင်စု အရှေ့ဖက်ခြမ်း မေရီလန်းပြည်နယ်မှာလည်း စနေနေ့ မနေ့တုန်းက ကျင်းပခဲ့ကြပါတယ်။ အဲဒီပွဲကို ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်က သပြေညို မြန်မာစာသင်ကျောင်းမှာပြီးခဲ့တဲ့နာရီပိုင်းအတွင်း ကျင်းပခဲ့တဲ့ဗိုလ်ချုပ် အောင်ဆန်း နှစ်တရာပြည့် အထိမ်းအမှတ် အခမ်းအနားက မြန်မာကလေးငယ်တွေရဲ့ ကဗျာရွတ်သံတွေ ကြားခဲ့ရတာပါ။

မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုုပ်အောင်ဆန်းရဲ့မွေးနေ့လည်းဖြစ် မြန်မာနိုင်ငံရဲ့ကလေးများနေ့လည်းဖြစ်တဲ့ ဖေဖေါ်ဝါရီ (၁၃) ရောက် တိုင်း မေရီလမ်းပြည်နယ်မှာ အထိမ်းအမှတ်အခမ်းအနားပွဲတွေ အရင်နှစ်က ကျင်းပခဲ့ဖူးပေမယ့် ၂ဝ၁၅ ဒီနှစ်မှာတော့ အလွန်အေးခဲတဲ့ ရာသီ ဥတုအောက်မှာပဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရာပြည့်ပွဲကို ထူးထူးခြားခြား အစီစဉ်တွေနဲ့ ကျင်းပဖြစ်ပါတယ်လို့ သပြေညို မြန်မာ စာကျောင်းရဲ့ ကျောင်းအုပ်ကြီး ဒေါ်မေငြိမ်းက ပြောပါတယ်။

“ဒီနှစ်ကတော့ အထူးသဖြင့်ကို ကျမတို့က နှစ်တရာပြည့်တဲ့ပွဲဖြစ်တဲ့အတွက်ကြောင့် လူငယ်တွေရော၊ ကလေးတွေရော ဗိုလ်ချုပ်ကိုပိုပြီးတော့ မှတ်မိသွားအောင်၊ ပိုပြီးတော့ သတိရသွားအောင်ဆိုပြီးတော့ ဒီနှစ်ကို ပိုပြီးတော့ သိသိသာသာ ထူးထူးခြားခြားလုပ်ဖြစ်ပါတယ်။ ဗိုလ်ချုပ်မွေးနေ့က ကလေးများနေ့လည်းဖြစ်တယ်ဆိုတော့ အဓိက-က လူငယ်တွေ၊ ကလေးတွေကို ပိုပြီးတော့ ပူးပေါင်းပါဝင်စေချင်ပါတယ်။ ဒါ့ကြောင့် ကလေးတွေ ကဗျာရွတ်တာ၊ ကလေးတွေကတာ၊ သီချင်းဆိုတာ အဲဒါတွေ ပါပါမယ်။ လူငယ်တွေကလည်း ဖျော်ဖြေတာတွေပါမယ်။ အထူးသဖြင့်ကတော့ ကျမတို့ဒီမှာရှိနေတဲ့ မြန်မာမိသားစုတွေ အားလုံး ဝိုင်းလုပ်ကြတဲ့ပွဲပါ။”

ဗိုလ်ချုပ်ရာပြည့်ပွဲမှာ အမှတ်ရစရာစကား ပြောသူတွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တူတော်စပ်သူလဲဖြစ် ၁၉၄၇ မှာ ကျဆုံးခဲ့ရတဲ့ အာဇာနည်ခေါင်းဆောင်တဦးဖြစ်သူ ဦးဘဝင်းရဲ့ သားလည်းဖြစ်တဲ့ ဒေါက်တာစိန်ဝင်းလည်း ပါဝင်ပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်းက ပြည်ထောင်စုဖြစ်စေချင်တယ်၊ ညီညီညွတ်ညွတ်ဖြစ်စေချင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည်ဟာ အနည်းဆုံးတော့ အရှေ့တောင်အာရှမှာ ထိပ်တန်းကဖြစ်စေချင်တယ်။ သူပြောတဲ့အထဲမှာ ကျနော်တို့ကြည့်လို့ရတယ်။ အဲဒါတွေ ဘာတွေ ဖြစ်ခဲ့သလဲ၊ ကျနော်တို့ ငြိမ်းချမ်းရေးရပီလား၊ ကျနော်တို့ ညီညွတ်နေပြီလား၊ ကျနော်တို့တိုင်းပြည်ကြီးက ဘာမှမဖြစ်သေးပါဘူး။ အများကြီးလိုသေးတယ်။ ဘာလို့ ကျနော်တို့ မဖြစ်သလဲ။ ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာ တော့ အနှစ် (၅၀) အတွင်းမှာ ဗမာပြည်ရဲ့လုပ်ပိုင်ခွင့်ပေါ့ဗျာ- ဒီအာဏာကို ကိုင်ဆွဲထားတဲ့ပုဂ္ဂိုလ်တွေ၊ အဲဒီမှာ အများဆုံးတာဝန်ရှိတယ်။”

ဒီကနေ့လို နိုင်ငံရေး အခြေနေတွေအောက်မှာ လူငယ်တွေကြား ဗိုလ်ချုပ်အောင်ဆန်းလို စိတ်ဓါတ်မျိုး ရှင်သန်နေဖို့ အရေးကြီးတယ်လို့ ပြောလာသူကတော့ ကျဆုံးအာဇာနည်ခေါင်းဆောင် ဦးရာဇတ်ရဲ့မြေး ဒေါက်တာ မြတ်ထူးရာဇတ်ပါ။

“လွတ်လပ်ရေးကိုရအောင်လုပ်ခဲ့တဲ့အချိန်မှာ သူတို့အနေနဲ့ ပြည်တွင်းမှာ သပိတ်မှောက်ပြီး ကြိုးစားခဲ့တယ်။ မရတဲ့အချိန်မှာ ပြည်ပကိုထွက်ခဲ့တယ်။ ပြည်ပကနေပြီး ပြန်လာတဲ့အချိန်ကျတော့လည်း ဂျပန်လက်အောက်ကလွတ်လာအောင် ထိထိရောက်ရောက် လုပ်သွားခဲ့ကြတယ်။ ဒါပေမယ့် သူတစ်ယောက်တည်းလုပ်လို့မရဘူး။ သူတစ်ယောက်တည်းလုပ်လို့မရတဲ့အတွက်ကြောင့် သူ့အနေနဲ့က အားလုံး လူပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံနဲ့တွဲပြီးလုပ်ခဲ့တယ်။ အဲဒီစိတ်ဓာတ်ကို ကျနော် လူငယ်ထုကိုရှိစေချင်တယ်။ အခုအချိန်မှာ ဒီလိုအခြေအနေမျိုးမှာ၊ အကွဲကွဲအပြားပြားဖြစ်နေတဲ့အချိန်မှာ ပြည်သူ၊ ကျောင်းသားနဲ့ စီးပွားရေးသမားတွေ၊ ပညာရှင်တွေအားလုံးဝိုင်းလုပ်ကြရမယ်။ ဗိုလ်ချုပ်ရဲ့စိတ်ဓာတ်နဲ့ အမြော်အမြင်ကို လူငယ်ထုအနေနဲ့ သေသေချာချာလေ့လာဆည်းပူးပြီးတော့ ဖြစ်စေချင်တယ်။”

ပရိသတ် ၃ဝဝ နီးပါးတက်ရောက်တဲ့ ဒီအခန်းအနားမှာ ကျောင်းသားမိဘတွေက ဗိုလ်ချုပ်အောင်ဆန်းကြိုက်တဲ့ ပဲပြုတ်နံပြားအပြင် မုန့်ဟင်းခါး အခြားမြန်မာ မုန့်မျိုးစုံနဲ့လည်း တည်ခင်းဧည့်ခံသလို ဗိုလ်ချုပ်ကိုဂုဏ်ပြုတဲ့ ကဗျာတွေလဲ ရွတ်ဆိုကြပါတယ်။ ဒီအထဲမှာ ရပ်ဝေး နယူးယောက်မြို့က မြန်မာမိသားစု တွေလည်း လာရောက်ပြီး အဆို အကတွေနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။

XS
SM
MD
LG