သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားရေးဆန္ဒပြ ကရင်နီလူငယ်တွေအမှု ပြည်နယ်အစိုးရ ပြန်ရုပ်သိမ်း


ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် လွိုင်ကော် ကရင်ပြည်နယ်
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် လွိုင်ကော် ကရင်ပြည်နယ်

ကယားပြည်နယ် လွိုင်ကော်မြို့မှာစိုက်ထူထားတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို ဖယ်ရှားပေးရေး ဆန္ဒပြခဲ့တဲ့ ကရင်နီလူငယ်တွေအပေါ် စွဲဆိုထားတဲ့ အမှုကို ပြည်နယ်အစိုးရက ပြန်လည်ရုပ်သိမ်း ပေးလိုက်ပြီဖြစ်ပါတယ်။ NLD အစိုးရလက်ထက် အခုလို ဒေသဆိုင်ရာအစိုးရနဲ့ တိုင်းရင်းသား တွေကြား ညှိနှိုင်း ဖြေရှင်းယူတဲ့နည်းဟာ ဒီမိုကရေစီယဉ်ကျေးမှု ပိုရှိလာတာကို ပြသရာရောက်ကြောင်း တိုင်းရင်းသားအရေး လှုပ်ရှားသူ တချို့က ကြိုဆိုလိုက်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားတာပါ။

ကန့်ကွက်မှုတွေ အကြိမ်ကြိမ်ရှိခဲ့တဲ့ကြားကပဲ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ကယားပြည်နယ်အစိုးရက လွိုင်ကော်မြို့ ကန္ဒာဟေဝန် ပန်းခြံမှာ စိုက်ထူခဲ့တာကြောင့် ဖေဖေါ်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ ကရင်နီလူထုကလည်း ကန့်ကွက်ဆန္ဒပြရင်း ဒေသခံရဲတွေနဲ့ ရုန်းရင်း ဆန်ခတ်ဖြစ်ပွားပြီး ရဲတွေက ရော်ဘာကျည်ဆံသုံး ပစ်ခတ် လူစုခွဲရာက ဆန္ဒပြသူ ၂၀ လောက်ဒဏ်ရာ ရသွားခဲ့ပါတယ်။

အဲဒီနောက် ၁၂ ရက်ညပိုင်းမှာ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ ဆန္ဒပြဦးဆောင်သူတွေကြား တွေ့ဆုံညှိနှိုင်းကြပြီး သဘောတူညီချက်တချို့ ရခဲ့ပါတယ်။ အဲဒီအထဲမှာ ဗိုလ်ချုပ်ကြေးရုပ် ကန့်ကွက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ကရင်နီလူငယ်တွေရဲ့အမှုကို အစိုးရဘက်က ပြန်လည် ရုပ် သိမ်းပေးမှာဖြစ်ကြောင်း၊ ပြည်နယ် တာဝန်ရှိသူတွေဘက်က ကတိပေးခဲ့တယ်လို့ အင်္ဂါနေ့ညက ကယားပြည်နယ်လူထုကို ပြန်လည်ရှင်းပြတဲ့ ပွဲမှာ ကရင်နီပြည် လူငယ်များအင်အားစု သပိတ်ကော်မတီဝင် အမျိုးသမီးတဦးက ခုလို ကြေညာသွားပါတယ်။

“…သဘောတူညီချက် (၁)။ ဆန္ဒပြသူများအားလုံးကို တရားစွဲဆိုထားသည့် အမှုများအား ရုပ်သိမ်းရန်နှင့် ရှေ့ဆက်ဆန္ဒပြမှုများကို ရပ်ဆိုင်းထားရန်။

နံပါတ် (၂) - ဗိုလ်ချုပ်ကြေးရုပ်နှင့်ပတ်သက်၍ အောက်ပါအတိုင်း ဆက်လက်စီမံနိုင်ပါရန်

(က) ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီနှင့် ကန့်ကွက်သူကော်မတီအဖွဲ့တို့မှ မျှတသောဦးရေဖြင့် တလအတွင်း သီးခြားတိုင်ပင် ညှိနှိုင်းရန်။

(ဂ) ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီနှင့် ကန့်ကွက်သူကော်မတီတို့မှ ရရှိသည့် သဘောတူညီချက်များတွင် ဗိုလ်ချုပ်မိန့်ခွန်း၊ ဗိုလ်ချုပ်ကတိကဝတ်၊ ပင်လုံစာချုပ်များတွင် အထောက်အထား အပြည့်အစုံမှန်ကန်ပါက အစိုးရမှ ကဗျည်းရေးထိုးပေးရေး အကောင်အထည် ဖော်ပေးရန်….”

အခုလို NLD ရဲ့ပြည်နယ်အစိုးရနဲ့ ဒေသခံ တိုင်းရင်းသားတွေကြား ညှိနှိုင်းတဲ့နည်းနဲ့ ဖြေရှင်းတာဟာ ဒီမိုကရေစီယဉ်ကျေးမှု ပိုရှင်သန်စေတဲ့ အတွက် ကြိုဆိုကြောင်း အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က ရှမ်းစာပေနဲ့ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုင်းထွေးမောင်က ရှုမြင်ပါတယ်။

“လူငယ်တွေက ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကိုမထားဖို့ ကန့်ကွက်တာ၊ ကန့်ကွက်တဲ့အခါမှာ သူတို့က အင်အားသုံးပြီးတော့မှ ဖြိုခွင်းတာ၊ ဖမ်းတာ၊ သေနတ်နဲ့တောင် ပစ်တယ်ဆိုတာ ဒါက ဘယ်လိုမှ ငြိမ်သွားမှာလည်း မဟုတ်ဘူး။ ပြဿနာကြီး ပြီးသွားမှာလည်း မဟုတ်ဘူး။ ဒါပေမယ့် အခု သူတို့က တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းမယ်ဆိုတာ အဲဒါ အကောင်းဆုံးပဲ။ အဲဒီဟာက တကယ့် ယဉ်ကျေးတဲ့ ကျနော်တို့ ဒီမိုကရေစီစနစ်ရဲ့ လုပ်သင့်လုပ်ထိုက်တဲ့အရာဖြစ်တယ်။ ဆိုတော့ ကျနော့်အနေနဲ့ အများကြီးလည်း ဝမ်းသာတယ်။ ဒီလို တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာတာ။ အဲဒါ အကောင်းဆုံးပါလို့ ကျနော် မြင်တယ်။”

ဟိုအရင် စစ်အစိုးရဟာ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့အခန်းကဏ္ဍကို မှေးမှိန်အောင် လုပ်ခဲ့တယ်ဆိုပြီး အများက ဝေဖန်ခဲ့ကြ တာပါ။ အခု NLD အစိုးရတက်လာချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်လို့ တံတားတွေကို အမည်ပေးတာ၊ ရုပ်တု စိုက်ထူတာတွေ ရှိလာချိန်မှာ ဒေသခံ တိုင်းရင်းသားတွေနဲ့ ပြဿနာတက်လာရပါတယ်။ ဒီလုပ်ရပ်တွေက ဗိုလ်ချုပ်အောင်ဆန်းရဲ့ဂုဏ်သိက္ခာကို ကျဆင်းအောင် လုပ်သလို ဖြစ်နေတယ်လို့ ဒေါက်တာ စိုင်းထွေးမောင်က သုံးသပ်ပါတယ်။

“ကျနော်တို့ တိုင်းရင်းသားတွေအနေနဲ့ကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့လက်တွဲပြီးတော့မှ ပြည်ထောင်စုနိုင်ငံကို တည်ထောင်ခဲ့တယ်။ ဗိုလ်ချုပ်ကိုလည်း တိုင်းရင်းသားအားလုံးက လေးစားတယ်၊ လွတ်လပ်ရေး သူရဲကောင်းကြီးလို ကျနော်တို့အနေနဲ့လည်း သတ်မှတ်တယ်။ ဒါပေမယ့် အခု လုပ်တဲ့ပုံစံက ဒီလို ဗိုလ်ချုပ်ကြေးရုပ်ကို ကျနော်တို့ တိုင်းရင်းသားနယ်မြေထဲမှာ တိုင်းရင်းသားတွေ သဘောမတူဘဲနဲ့ အတင်းအဓမ္မ နေရာတကာတိုင်းမှာသွားပြီး စိုက်ထူတယ်ဆိုတာ ဗိုလ်ချုပ်ရဲ့ဂုဏ်သိက္ခာကို မြှင့်တင်မယ့်အစား ဗိုလ်ချုပ်ရဲ့ဂုဏ်သိက္ခာကို ပိုပြီးတော့မှ ကျဆင်းစေတယ်လို့ ကျနော်မြင်တယ်။ ”

ကရင်နီပြည် ပြည်သူများကိုယ်စားပြု ညှိနှိုင်းရေးကော်မတီရဲ့ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီနဲ့ ကန့်ကွက်သူ ကော်မတီဝင်တွေကြား လာမယ့် တစ်လအတွင်း သီးခြားတိုင်ပင်ညှိနှိုင်းပြီး၊ ရလာတဲ့ သဘောတူ ချက်တွေကို ကယားပြည်နယ်အစိုးရက အကောင်အထည်ဖေါ်ပေးရမှာ ဖြစ်ကြောင်း၊ ကန္ဒာဟေဝန်ပန်းခြံထဲက ဗိုလ်ချုပ်ကြေးရုပ်ကို အခြား သင့်တော်တဲ့နေရာတခုဆီ ဂုဏ်သိက္ခာရှိစွာ ပြောင်းရွှေ့နိုင်ရန် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရေးကော်မတီဘက်က ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ပေးဖို့ တိုက်တွန်းထားပါတယ်။

လာမယ့် တလအတွင်း သက်ဆိုရာတာဝန်ရှိသူတွေဘက်က ပျက်ကွက်ခဲ့ရင် ကယားပြည်နယ် ဒေသခံတွေက မိမိတို့အစီအစဉ်နဲ့ ကန္ဒာဟေဝန်ပန်းခြံထဲက ဗိုလ်ချုပ်ကြေးရုပ်ကို ဖယ်ရှားသွားမယ်လို့လည်း သတိပေးထားပါတယ်။

ကရင်နီ (PKPF)
please wait

No media source currently available

0:00 0:04:45 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG