သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်ဆေထင်ကို မန္တလေးထောင် ပြောင်း


ဗိုလ်ချုပ်ဆေထင်။
ဗိုလ်ချုပ်ဆေထင်။

၂၀၀၅ ခုနှစ်က ရှမ်းပြည် အတိုင်ပင်ခံကောင်စီဖွဲ့ဖို့ ကြိုးစားတဲ့အတွက် အဖမ်းခံရပြီး ထောင်ဒဏ် ၁၀၆ နှစ် ကျခံထားရတဲ့ ရှမ်းခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်ကို အာဏာပိုင်တွေက ခန္တီးထောင်ကနေ မန္တလေးထောင်ကို ပြောင်းလိုက်ပါတယ်။ စစ်အစိုးရနဲ့ ၁၉၈၉ ခုနှစ်တုန်းက အပစ်အခတ် ရပ်စဲခဲ့တဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းက ခေါင်းဆောင် ဗိုလ်ချုပ်ဆေထင် အပါအဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ တခြား ရှမ်းခေါင်းဆောင် တချို့ကို အတိုင်ပင်ခံကောင်စီ ဖွဲ့မယ့်ကိစ္စနဲ့ ပတ်သက်ပြီး စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်တွေချကာ နယ်စွန်နယ်ဖျားက ထောင်တွေမှာ အကျဉ်းချထားတာ ဖြစ်ပါတယ်။ အခုလို ရာသီဥတု ဆိုးဝါးတဲ့ ခန္တီးထောင်ကနေ ဗိုလ်ချုပ်ဆေထင်ကို မန္တလေးထောင်ကို ဘာကြောင့် အာဏာပိုင်တွေက ပြောင်းလိုက်တာလဲဆိုတာ ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဗိုလ်ချုပ်ဆေထင်ဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါအဝင် အခြား ရှမ်းခေါင်းဆောင်တွေနဲ့ ရှမ်းပြည် အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းဖို့ ကြိုးစားခဲ့တဲ့ နောက်မှာ နိုင်ငံတော် ပုန်ကန်မှု အပါအဝင် အခြားပုဒ်မတွေနဲ့ စွဲဆိုခံရပြီး ၂၀၀၅ ခုနှစ်က ထောင်ဒဏ် ၁၀၆ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီလို နှစ်ရှည်ထောင်ဒဏ် ချမှတ်ပြီးတဲ့နောက်မှာ ဗိုလ်ချုပ်ဆေထင်ကို မိသားစုတွေနဲ့ ဝေးလံတဲ့ ခန္တီးထောင်မှာ ချုပ်နှောင်ထားခဲ့တာပါ။ အခုအခါမှာတော့ သူ့ကို မန္တလေးထောင်ကို ပြောင်းရွှေ့လာပြီလို့ သူ့မိသားစုနဲ့ နီးစပ်တဲ့ SNLD ပါတီက ဦးစိုင်းလိတ်က ပြောပါတယ်။

“ဗိုလ်ချုပ်ဆေထင် ထောင်ပြောင်းတယ်လို့ ကျနော်တို့လည်း ကြားတယ်။ ၃၁ ရက်နေ့မှာ ခန္တီးထောင်ကနေ မုံရွာကို ပို့လိုက်တယ်။ မုံရွာမှာ တညအိပ်ပြီး ဒီနေ့မနက် မန္တလေးကို ရောက်တယ်လို့ သတင်းရပါတယ်။”

အသက် ၇၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းရဲ့ နာယက ဗိုလ်ချုပ်ဆေထင်ဟာ မျက်စိရောဂါအပြင် သွေးတိုးရောဂါလည်း ခံစားနေရပါတယ်။ သူ့ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေကို ဦးစိုင်းလိတ်က အခုလို ဆက်ပြောပါတယ်။

“ဗိုလ်ချုပ်ဆေထင်က ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းမှာ ချော်လဲတယ်၊ လက်အဆစ် လွဲသွားတယ်။ ပြီးတော့ သူ့မိသားစုနဲ့ သက်ဆိုင်ရာ SSA တပ်ဖွဲ့ကနေ သူ့ရဲ့ မျက်စိ အတွင်းတိမ် ခွဲပေးဖို့ စာတင်ထားတာ ရှိတယ်။ အဲဒါကြောင့် လက်ကိစ္စကို ကုသပေးဖို့နဲ့ မျက်စိ အတွင်းတိမ် ခွဲပေးဖို့များ မန္တလေးကို ပို့လိုက်တာလား၊ ထောင်ပြောင်းလိုက်တာလား၊ မသေချာဘူးပေါ့နော်။ တကယ်လို့ အဲဒီလို ဖြစ်တယ်ဆိုရင်တော့ ဝမ်းသာစရာပေါ့။ သူ့မျက်စိ အတွင်းတိမ်က တော်တော်ဆိုးဝါးနေတယ်။ ဒီအတိုင်း ဆက်ထားရင် မျက်စိ လုံးဝမမြင်တဲ့ အနေအထားမျိုး ရောက်သွားနိုင်တယ်။”

ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည်ကတော့ ဗိုလ်ချုပ်ဆေထင်ကို မန္တလေးထောင်ကနေ စစ်တွေထောင်ကို ပြောင်းရွှေ့မယ်လို့လည်း ကြားသိရကြောင်း ပြောပါတယ်။

“နောက်ဆုံးကြားရတာ အစကတော့ မန္တလေးထောင်ကို ပြောင်းလာပြီး ထားမလိုလို ဖြစ်ပေမဲ့ အခု နောက်ထပ် ကြားရတာက စစ်တွေထောင်ကို ဆက်ပို့မလိုလို ပြန်ကြားနေရတယ်။ အဲဒါ သူ့မိသားစုအတွက် စိုးရိမ်စရာ အသစ်တခု ပြန်ပေါ်လာတာပေါ့ဗျာ။”

လွန်ခဲ့တဲ့ ဧပြီလအတွင်းက အပစ်ရပ် SSA မြောက်ပိုင်းက ပြည်သူ့စစ် အသွင်ပြောင်းဖို့ မြန်မာစစ်အစိုးရနဲ့ ဆွေးနွေးစဉ်မှာ ဗိုလ်ချုပ်ဆေထင်ကို လွှတ်ပေးနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ SSA မြောက်ပိုင်းက တပ်မဟာ ၃၊ တပ်မဟာ ၇ နဲ့ ဗဟိုဌာနချုပ်က ပြည်သူ့စစ် ပြောင်းလဲဖွဲ့စည်းဖို့ သဘောတူညီခဲ့ပေမဲ့ ဗိုလ်ချုပ်ပန်ဖ ဦးဆောင်တဲ့ တပ်မဟာ ၁ က လက်မခံခဲ့ပါဘူး။

ဒါကြောင့် ဗိုလ်ချုပ်ဆေထင်ကို စစ်တွေထောင်ကို ပြောင်းရွှေ့လိုက်မယ်ဆိုရင် ပြည်သ့ူစစ် ဖွဲ့စည်းဖို့ လက်ခံထားတဲ့ SSA မြောက်ပိုင်းအဖွဲ့တွေနဲ့ မြန်မာစစ်အစိုးရကြားမှာ တင်းမာမှုတွေ ဖြစ်လာနိုင်တယ်လို့ ဦးစိန်ကြည်က သုံးသပ်ပါတယ်။

“ဗိုလ်ချုပ်လွယ်မောင်းတို့ ဗိုလ်ချုပ်ကိုင်ဖတို့က လက်ရှိ အခြေအနေပြောင်းဖို့ သဘောတူထားတာကိုး။ သူတို့ရဲ့ နာယကကြီး ပြန်လွတ်လာလေမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ တကယ်လို့ မလွတ်တဲ့အပြင် အဝေးတနေရာကနေ တခြား အဝေး နောက်ထပ်တနေရာကို ပို့လိုက်မယ် ဆိုရင်တော့ သူတို့ရဲ့ပုံစံ၊ သူတို့ရဲ့ အနေအထားက တမျိုး ဖြစ်သွားနိုင်တယ်လို့တော့ မျှော်လင့်ရတာပေါ့။

“ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်ပန်ဖအတွက် တပ်မဟာ ၇၊ တပ်မဟာ ၃ နဲ့ ဗဟိုဌာနတို့ကို ပြောစရာ ဖြစ်လာမှာပေါ့။ ဘယ်လိုနေတုန်း၊ ခင်ဗျားတို့ မျှော်လင့်ထားတဲ့အတိုင်း ကျုပ်တို့ မပြောဘူးလား၊ နအဖက အပြောတမျိုး၊ အလုပ်တမျိုး၊ သူတို့ မျှော်လင့်ချက် ပေးထားတိုင်း ယုံလို့မရဘူးဆိုတာ သက်သေပြပြီမလား ဆိုတာ တပ်မဟာ ၁ အတွက် ပြောစရာ ဖြစ်လာမှာပေါ့။”

ဗိုလ်ချုပ်ဆေထင်နဲ့အတူ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံရတဲ့ အခြား ရှမ်းခေါင်းဆောင်တွေကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် အပါအဝင် ၇ ယောက် ဖြစ်ပါတယ်။

SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကတော့ ပူတာအိုထောင်မှာ ထောင်ဒဏ် ၉၃ နှစ် ကျခံနေရပြီး ဆီးကျိတ်ရောင်ရောဂါ ခံစားနေရသလို မြင်းခြံထောင်မှာ ထောင်ဒဏ် ၇၉ နှစ် ကျခံနေရတဲ့ ဦးစိုင်းမျိုးဝင်းထွန်းကလည်း နှလုံးရောဂါ ဆိုးဆိုးဝါးဝါး ခံစားနေရပါတယ်။ ရှမ်းပြည် မျိုးဆက်သစ် ကျောင်းသားလူငယ်များ အဖွဲ့က ဦးမြင့်သန်းကတော့ ၂၀၀၆ ခုနှစ်က သံတွဲထောင်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

XS
SM
MD
LG