တရုတ်နိုင်ငံရောက်နေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်ဝန်ကြီးချုပ် Mr. Li Qiang နဲ့ တွေ့ဆုံချိန် MNDAA ၊ TNLA၊ AA ညီနောင်မဟာမိတ်(၃) ဖွဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက တရုတ်က ကြားဝင်စေ့စပ်ပေးထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ချိုးဖောက်ပြီး မြို့ရွာတွေကိုတိုက်ခိုက်နေတယ်လို့ ပြောခဲ့ပါတယ်။ နိုဝင်ဘာလ(၆)ရက်နေ့က တရုတ်ဝန်ကြီးချုပ်နဲ့ စစ်ခေါင်းဆောင်တွေ့ဆုံစဉ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးလိုလားတယ်ဆိုရင် လိုလားကြောင်း လုပ်ဆောင်ချက်ပြမယ်ဆိုရင် စစ်ကောင်စီဘက်က ဆွေးနွေးမယ်လို့ တရုတ်ဝန်ကြီးချုပ်ကိုပြောခဲ့ကြောင်း စစ်ကောင်စီဘက်က နိုဝင်ဘာလ ၆ရက်နေ့ နေ့စွဲနဲ့သတင်းထုတ်ပြန်ထားတာပါ။
နောက် တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အထောက်အပံ့ပေးနေတဲ့ တရားမဝင်လုပ်ငန်းတွေကိုလည်း တိုက်ဖျက်ရှင်းလင်းဆောင်ရွက်သွားမယ်ဆိုတာကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။
စစ်ကောင်စီနဲ့ တိုက်နေတဲ့ညီနောင်မဟာမိတ်(၃) ဖွဲ့ထဲက ကိုးကန့်တပ်မတော်-MNDAA ဟာ ၂၀၂၂ ခုနှစ်၊ ဧပြီလက စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး ကိုးကန့်အထူးဒေသ-၁ အိပ်မက်ကို ပြန်အသက်သွင်းဖို့ ကြိုးစားနေတယ်လို့လည်း စစ်ခေါင်းဆောင်က တရုတ်ဝန်ကြီးချုပ်ကို တိုင်ကြားခဲ့ပါတယ်။ တရုတ်အစိုးရ ကြားဝင်စေ့စပ်မှုနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိခဲ့ပေမဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ချိုးဖောက်ပြီး ရှမ်းမြောက်ပိုင်း၊ နယ်စပ်တလျောက်က စစ်ကောင်စီရဲ့ တပ်စခန်းတွေနဲ့ ချင်းရွှေဟော်ကို တိုက်ခိုက်ခဲ့တယ်လို့ စစ်ခေါင်းဆောင်က တရုတ်ဝန်ကြီးချုပ်ကို ပြောပြခဲ့ကြောင်းလည်းထုတ်ပြန်ချက်ထဲပါရှိပါတယ်။
တရုတ်-မြန်မာနယ်စပ် ကချင်နဲ့ရှမ်းဘက်မှာ စစ်ရေးတင်းမာလာချိန် တရုတ်ဘက်ကနယ်စပ်ဂိတ်တွေပိတ်ထားတဲ့အခြေအနေမှာ တရုတ်ကိုရောက်နေတဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နယ်စပ်ကုန်သွယ်ရေးအရေးပါပုံ- မြန်မာကျပ်-တရုတ်ယွမ်ငွေ တိုက်ရိုက်ကုန်သွယ်မှုတွေကို ဖော်ဆောင်နေတယ်ဆိုတာကိုလည်း ထုတ်ပြန်ထားတာပါ။
တရုတ်ဝန်ကြီးချုပ်ဘက်ကလည်း တရုတ်အစိုးရဘက်က မြန်မာ့ပြည်တွင်းရေး တည်ငြိမ်အေးချမ်းအောင် အိမ်နီးချင်းကောင်းနိုင်ငံတခုအနေနဲ့ ကူညီပေးနေပြီး လက်နက်ကိုင်ပဋိပက္ခတွေကို အကြမ်းဖက်နည်းလမ်းနဲ့ ပြန်မဖြေရှင်းဘဲ နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ စစ်အစိုးရဘက်က ဆောင်ရွက်နေတာတွေကို ချီးကျူးခဲ့ပါတယ်ဆိုပြီးလည်း စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲ ထည့်သွင်းဖော်ပြထားပါတယ်။ တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်း တည်ငြိမ်အေးချမ်းရေးနဲ့ မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပနိုင်ရေး ကူညီပေးမယ်လို့ တရုတ်ဝန်ကြီးချုပ်ဘက်က ကတိပြုခဲ့တယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံ ကူမင်းမြို့ကိုရောက်ရှိနေချိန် မြန်မာကောင်စစ်ဝန်ရုံး ကူမင်း၊ တရုတ်ကောင်စစ်ဝန်ရုံး မန္တလေး မြေနေရာဌားရမ်းတဲ့စာချုပ်လဲလှယ်ခြင်းအပါအဝင် စိုက်ပျိုးရေး၊ သုတေသန၊ အားကစားစတဲ့သဘောတူစာချုပ်တွေ ချုပ်ဆိုခဲ့တယ်ဆိုတာကိုလည်း သတင်းထုတ်ပြန်ထားပါတယ်။
တရုတ်-မြန်မာနယ်စပ်တလျောက် နယ်စပ်မြို့တွေကို ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းတပ်တွေက ဆက်တိုက်သိမ်းပိုကလာချိန်မှာပဲ တရုတ်ဘက်က တိုင်းရင်းသားခေါင်းဆောင်တွေကို ခေါ်ယူပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ သတိပေးပြောဆိုခဲ့သလို တရုတ်-မြန်မာ ကုန်စည်ပို့ဆောင်ရေး အဓိကကျတဲ့ နယ်စပ်ဂိတ်တွေကို တရုတ်နိုင်ငံက ပိတ်ပစ်လိုက်တာဖြစ်ပါတယ်။
ဒီလိုတရုတ်-မြန်မာနယ်စပ် တရုတ်ဘက်က ကုန်စည်တင်သွင်းတာပါပိတ်လိုက်လို့ကုန်စည်တွေပါ ပြတ်လပ်နေတဲ့အချိန် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မဲခေါင် ထိပ်သီးအစည်းအဝေးတွေ တက်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ တရုတ်အစိုးရက တရားဝင်ဖိတ်ခေါ်ခဲ့လို့ အာဏာသိမ်းနောက်ပိုင်း ပထမဆုံးအကြိမ် တရုတ်နိုင်ငံကို စစ်ခေါင်းဆောင်က ရောက်ရှိနေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်ဟာ အိမ်နီးချင်းနိုင်ငံတချို့က ကမ္ဘောဒီယားဝန်ကြီးချုပ် လာအိုဝန်ကြီးချုပ်အပါအဝင် ခေါင်းဆောင်တချို့နဲ့တွေ့ဆုံခဲ့ပြီး သူ့အနေနဲ့ ရွေးကောက်ပွဲကျင်းပနိုင်အောင် ကြိုးစားမယ့်အကြောင်းလည်း ပြောကြားခဲ့ပါတယ်။
Forum