သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အကဲစမ်းမှုများ ရှိနေဆဲ


US ASEAN Business Council ရဲ့ ဒီကနေ့ ရန်ကုန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း) ၁၀ ဇူလိုင် ၂၀၁၃
US ASEAN Business Council ရဲ့ ဒီကနေ့ ရန်ကုန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း) ၁၀ ဇူလိုင် ၂၀၁၃
မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ရရှိနိုင်မှု၊ အိမ်ခြံမြေဈေးနဲ့ ဆက်သွယ်ရေးတွေဟာ ရင်းနှီးမြှုပ်နှံမယ့် ပြည်ပစီးပွား ရေးလုပ်ငန်းတွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တချို့ဖြစ်တယ်လို့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီရဲ့ အကြီးအကဲက ပြောလိုက်ပါတယ်။

အခွင့်အလန်းတွေ၊ အလားအလာကောင်းတွေနဲ့ ပြည့်နေတဲ့တစ်ချိန်ထဲမှာပဲ အဲဒီလို အခြေအနေတွေကြောင့် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ရာ အချိန်ယူနေတာဖြစ်တယ်လို့ဆိုပါတယ်။ ရန်ကုန်မြို့ Sedona ဟော်တယ်မှာ ဗုဒ္ဓဟူးနေ့ကလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့ကြတာတွေကို ကိုယ်တိုင်သွားခဲ့တဲ့ ကိုကျော်ကျော် သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံဟာ လက်ရှိအချိန် ကမ္ဘာပေါ်မှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဈေးကွက်အသစ်တွေထဲက တစ်ခုဖြစ်နေပေမဲ့ လည်း စိန်ခေါ်မှုအများအပြား ရှိနေတာကတော့ အသေအချာပါပဲလို့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီရဲ့ဥက္ကဋ္ဌ မစ္စတာ အလက်ဇန်းဒါး ဖဲလ်ဒ်မန်းန် (Alexander Feldman) က သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုက စီးပွားရေးလုပ်ငန်းကြီးတွေ အများအပြားပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ ပထမဆုံးခရီးစဉ်အပြီး တစ်နှစ်အကြာ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီရဲ့ ဒုတိယအကြိမ်မြောက် စီးပွားရေးဆိုင်ရာခရီးစဉ် အဆုံးသတ်နေ့မှာ အဲဒီလိုပြောခဲ့တာလည်း ဖြစ်ပါတယ်။

"လျှပ်စစ်ဓာတ်အား ရနိုင်တဲ့ပမာဏနဲ့ ရတဲ့လျှပ်စစ်ဓာတ်အားအပေါ် ယုံကြည်ကိုးစားနိုင်မှုဟာ သိပ်ကို အရေးကြီးပါတယ်။ ကျယ်ပြန့်တဲ့ အခြေခံ အဆောက်အအုံ အခြေအနေတွေက စိန်ခေါ်မှုဖြစ်နေ တာ သိသာထင်ရှားသလို လမ်းတွေ၊ တည်နေရာအသစ်တွေဆီ သွားတဲ့ တံတားတွေ၊ မြေဈေး အခြေအနေတွေ ပါဝင်ပါတယ်။ ရုံးခန်းတွေ၊ နေစရာအိမ်တွေ ရရှိနိုင်မှု၊ ကောင်းမွန်တဲ့ဆက်သွယ်ရေး၊ စွမ်းအင်ဝယ်ယူနိုင်ရေးဆိုင်ရာ သဘောတူညီချက်၊ စွမ်းအင်ဆိုင်ရာ မူဝါဒ စတာတွေဟာ စိန်ခေါ်မှုတွေပါပဲ။"

မြန်မာနိုင်ငံရဲ့ မြေဈေးဟာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးတွေထဲက တစ်နေရာဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက် မြို့တော်က ဈေးတွေနဲ့ ထပ်တူနီးပါး ဖြစ်နေတယ်လို့ ပြောကြတဲ့အပြင် အနောက်လူနေမှုပုံစံနဲ့ ကိုက်ညီတဲ့ နေရာမျိုးတွေ ရှားပြီးတော့ လျှပ်စစ်မီးလို ဝန်ဆောင်မှုမျိုးကလည်း မရေရာတဲ့အတွက် အခုအချိန်မှာတော့ စိန်ခေါ်မှုကြီး ဖြစ်နေပါတယ်လို့ မစ္စတာ အလက်ဇန်းဒါးက ပြောပါတယ်။

အစိုးရအနေနဲ့ တိုးတက်မှုတွေရအောင် ကြိုးစားလုပ်ဆောင်နေတာကို သူတို့အနေနဲ့ အသိအမှတ်ပြုပေမဲ့ တိုးတက်မှုတွေ အနည်းငယ် ပိုပြီးမြန်ဆန်လာအောင် လုပ်ဆောင်ဖို့ အားပေးတိုက်တွန်းပါတယ်။ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေကို အလျှင်အမြန် ပြဌာန်းနိုင်ခဲ့တဲ့အပေါ် ချီးကျူးစကားဆိုခဲ့သလို အဲဒီဥပဒေနဲ့ ပတ်သက်လို့ ကြီးမားတဲ့ ပြဿနာတွေ မရှိဘူးဆိုပေမဲ့ အာမခံလုပ်ငန်းလိုမျိုးတွေအတွက် ပိုပြီးတိကျတဲ့ ရှင်းလင်းချက်တွေ လိုတယ်လို့ ထောက်ပြခဲ့ပါတယ်။

စိန်ခေါ်မှုတွေ အများအပြားရှိနေသလို တကယ့်အခွင့်အလန်းတွေ ရှိနေတာကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ အမေရိကန် ကုမ္ပဏီတွေ စိတ်ဝင်စားကြတာပါ။ မြန်မာနိုင်ငံဟာ အမေရိကန် ကုမ္ပဏီကြီးတွေ မလာသေးတဲ့ ကမ္ဘာ့အကြီးဆုံး ဈေးကွက်ဖြစ်ပါတယ်လို့ စီးပွားရေးကောင်စီရဲ့ လူထုဆက်ဆံရေးရေးဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ အန်ထိုနီ နယ်လ်ဆန်န် (Anthony Nelson) က ပြောပါတယ်။

"ကျနော်တို့ကုမ္ပဏီတွေဟာ ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီတွေဖြစ်ပြီး နေရာတိုင်းမှာ လုပ်ကိုင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံလောက် ဈေးကွက်ကြီးမားတဲ့၊ မြန်မာနိုင်ငံလောက် အခွင့်အလန်းများတဲ့၊ မြန်မာနိုင်ငံ လောက် အာဆီယံနဲ့ချိတ်ဆက်နေတဲ့နေရာဟာ တကယ့်ကိုကြီးမားတဲ့ အခွင့်အလန်းပါ။ ကျနော်တို့ပြောခဲ့တဲ့ စိန်ခေါ်မှုတွေဟာ ကျနော်တို့ကုမ္ပဏီတွေက လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေပါ။ မြန်မာနိုင်ငံ တိုးတက်လာတာနဲ့အမျှ၊ မြန်မာနိုင်ငံဟာ ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေးထဲမှာ ဆက်နွယ်ပေါင်းစည်းလာတာနဲ့အမျှ အမေရိကန် စီးပွားရေးကုမ္ပဏီကြီးတွေအတွက် အခွင့်အလန်းတွေ ပိုပိုပြီးရလာမှာပါပဲ။"

မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ အမေရိကန်ကုမ္ပဏီတွေ စိတ်ဝင်စားကြတဲ့နယ်ပယ်တွေထဲမှာ Procter & Gamble တို့ Coca Cola တို့ လိုရိုးရှင်းတဲ့ထုတ်ကုန်တွေ၊ စွမ်းအင်နဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ ကျန်းမာရေးဆိုင်ရာ၊ ဘဏ္ဍာရေးဝန်ဆောင်မှုပိုင်း စတာတွေပါဝင်တယ်လို့ စီးပွားရေးကောင်စီ တာဝန်ရှိသူတွေက ပြောကြပါတယ်။

ဒီထဲမှာ အမေရိကန်က ထိပ်တန်းကားကုမ္ပဏီကြီးဖြစ်တဲ့ General Motors GM ကားကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ Chevy ကားသစ်တွေ ပြခန်းဖွင့်ရောင်းချဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

“General Motors အမေရိကန်မှာရှိတဲ့ အကြီးဆုံးကား ကုမ္ပဏီပေါ့လေ၊ ကမ္ဘာမှာတော့ အကြီးဆုံးတခုပေါ့လေ Automobile ကားကုမ္ပဏီဖြစ်တဲ့ General Motors မြန်မာနိုင်ငံကို စတင်ဝင်ရောက်လာပါပြီ။ ပထမဦးဆုံးအဆင့်အနေနဲ့ Chevy Brand ကားတွေကို စတင်ရောင်းချနေပါတယ်။ အခု Show Room ကိုတော့ ကျနော်တို့ ရန်ကုန်မှာ စတင် ဆောက်လုပ်နေပါပြီ။ ပြီးတော့ ရှေ့နှစ်မှာ မန္တလေးမှာ စတင် ဆောက်လုပ်မှာဖြစ်ပါတယ်။ Show Room နဲ့ Service Center Two Years Show Room ပါ။ Two Years ဆိုတာက Seal Service and After Seal Service ပါ။”

GM ကုမ္ပဏီရဲ့ ပြည်တွင်းမိတ်ဘက် ကုမ္ပဏီဖြစ်တဲ့ Pacific Alpine Myanmar Ltd ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင် အရာရှိချုပ် ဦးဇော်မိုးခိုင်ပါ။

အခုခရီးစဉ်အတွင်း စီးပွားရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေတို့နဲ့ တွေ့ဆုံခဲ့သလို ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI က တာဝန်ရှိသူတွေနဲ့လည်း စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ရထားပြီးသား တိုးတက်မှုတွေအတွက် ကောင်စီဥက္ကဋ္ဌက အစိုးရကို ချီးကျူးစကားဆိုခဲ့သလို နောက်ထပ် တိုးတက်မှုတွေရရှိရေး ရှေ့ဆက်လုပ်ဆောင်သွားဖို့ အားပေးတိုက်တွန်းခဲ့ပါတယ်။ အထူးသဖြင့်တော့ လွှတ်တော်မှာ ရောက်နေပြီဖြစ်တဲ့ ဆက်သွယ်ရေးဥပဒေ၊ အစိုးရက ရေးဆွဲနေတဲ့ စွမ်းအင်ဆိုင်ရာ မူဝါဒတွေကို အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ အလက်ဇန်းဒါး ဖဲလ်ဒ်မန်းန်က အထူး ဖော်ပြပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG