သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်ကြီး မက်ခရစ္စတယ်လ် ၀ါရှင်တန်ကို ဆင့်ခေါ်ခံရ


အာဖဂန်နစ္စတန်နိုင်ငံမှာ တာဝန်ကျနေတဲ့ အမေရိကန် ဗိုလ်ချုပ်ကြီး စတန်လေ မက်ခရစ္စတယ်လ် (Stanley McChrystal) က သမ္မတ အိုဘားမား အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူတွေနဲ့ ပတ်သက်ပြီး ကဲ့ရဲ့သရော်ခဲ့တဲ့အတွက် အလုပ်က ထုတ်ပစ်သင့်သလား ဆိုတာ မဆုံးဖြတ်ခင် သမ္မတ အိုဘားမားက သူနဲ့ တိုက်ရိုက် စကားပြောချင်သေးတယ်လို့ ပြောဆိုလိုက်ပါတယ်။

သမ္မတ အိုဘားမားက အိမ်ဖြူတော်မှာ အစိုးရ ၀န်ကြီးအဖွဲ့နဲ့ စည်းဝေးပြီးနောက် သတင်းထောက်တွေကို ပြောလိုက်တာပါ။ ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) အနေနဲ့လည်း ဗိုလ်ချုပ်ကြီး မက်ခရစ္စတယ်လ်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ဗိုလ်ချုပ်ကြီး စတန်လေ မက်ခရစ္စတယ်လ်နဲ့ လက်ထောက်တွေက အမေရိကန် မဂ္ဂဇင်းတစောင်နဲ့ တွေ့ဆုံခန်းမှာ ဒု-သမ္မတ ဂျိုး ဘိုင်ဒန် (Joe Biden) အပါအ၀င် သမ္မတ အိုဘားမား အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူတွေနဲ့ ပတ်သက်ပြီး လှောင်ပြောင် သရော်ခဲ့တဲ့အတွက် ဗိုလ်ချုပ်ကြီး မက်ခရစ္စတယ်လ်က ဖြေရှင်းချက်ပေးဖို့ ၀ါရှင်တန်ကို ဆင့်ခေါ်ခံထားရပါတယ်။

အမေရိကန် အခြေစိုက် Rolling Stone Magazine မှာ ဗိုလ်ချုပ်ကြီး စတန်လေ မက်ခရစ္စတယ်လ်ရဲ့ မှတ်ချက်ကို ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး မက်ခရစ္စတယ်လ်က သမ္မတ အိုဘားမားကို ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ရှင်းလင်းတင်ပြဖို့ ရှိပါတယ်။

The Runaway General ထွက်ပြေးနေရတဲ့ ဗိုလ်ချုပ်ကြီးလို့ ခေါင်းစဉ်တပ်ထားတဲ့ ဆောင်းပါးမှာ ဗိုလ်ချုပ်ကြီး စတန်လေ မက်ခရစ္စတယ်လ် ကိုယ်တိုင်က ဒု-သမ္မတ ဂျိုး ဘိုင်ဒန်ကို ချိုးချိုးနှိမ်နှိမ် မှတ်ချက်ချထားတယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်ကြီး မက်ခရစ္စတယ်လ်ရဲ့ လက်ထောက်တွေကလည်း သမ္မတ အိုဘားမား အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူတဦးကို Clown ငတုံးငအ၊ နောက်တဦးကိုတော့ အနာတရ ဖြစ်နေတဲ့ တိရစ္ဆာန်ရယ်လို့ စော်ကားထားကြောင်း၊ ဗိုလ်ချုပ်ကြီး မက်ခရစ္စတယ်လ်က သမ္မတ အိုဘားမားနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ရတုန်းက သူစိတ်ပျက်မိတဲ့ အကြောင်းကိုလည်း အဲဒီဆောင်းပါးမှာ ရေးသားထားပါတယ်။ အာဖဂန်ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ကားလ် အိုင်ကန်ဘယ်ရီ (Karl Eikenberry) ဟာ မူဝါဒရေးရာ အငြင်းပွားမှုမှာ သူ့ကို သစ္စာဖောက်ခဲ့တယ်လို့ ဗိုလ်ချုပ်ကြီး မက်ခရစ္စတယ်လ်က စွပ်စွဲထားပါတယ်။

ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ်ကတော့ ဗိုလ်ချုပ်ကြီး မက်ခရစ္စတယ်လ်ဟာ ထူးထူးကဲကဲ အမှားတခု လုပ်မိတာလို့ သူယူဆကြောင်း၊ ဗိုလ်ချုပ်ကြီး မက်ခရစ္စတယ်လ်က သူမှားကြောင်း တောင်းပန်ထားပြီး ဆောင်းပါးမှာ ပါတဲ့သူတွေ အားလုံးကိုလည်း ၀န်ချ တောင်းပန်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG