သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ သားမက်ကို စစ်ကောင်စီ ဖမ်းဆီး


ဒေါက်တာနေစိုးမောင် ဖခင်ဗိုလ်ချုပ်တင်စိန် နဲ့ သား နေရွှေသွေးအောင်။
ဓာတ်ပုံ -Dr Nay Soe Muang FB.
ဒေါက်တာနေစိုးမောင် ဖခင်ဗိုလ်ချုပ်တင်စိန် နဲ့ သား နေရွှေသွေးအောင်။ ဓာတ်ပုံ -Dr Nay Soe Muang FB.

နိုင်ငံတော်တည်ငြိမ်ရေးနဲ့ အစိုးရယန္တရားပျက်အောင် လူမှုကွန်ရက်စာမျက်နှာကနေ လှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သားမက်ဟောင်းလည်းဖြစ် အငြိမ်းစား စစ်ဗိုလ်မှူးဟောင်းလည်းဖြစ်သူ ဒေါက်တာနေစိုးမောင်ကို ဖမ်းဆီး အမှုဖွင့်ထားတယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။ စစ်ကောင်စီအပေါ် လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ရေးသားသူတွေ၊ စစ်အာဏာရှင် ဆန့်ကျင်သူတွေကို ဖမ်းဆီးမှုတွေ ပိုများလာနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

စစ်ကောင်စီပြဋ္ဌာန်းထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို မျက်ကွယ်ပြုပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင် လူမှုကွန်ရက်မှာ လှုံ့ဆော်ဝါဒဖြန့်ခဲ့တယ်လို့ဆိုပြီး ဒေါက်တာနေစိုးမောင် စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်လိုက်ပါတယ်။ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ သူ့ကို ဘာပုဒ်မတွေနဲ့ အမှုဖွင့်ထားသလဲဆိုတာကိုတော့ အတိအကျ ဖော်ပြမထားပါဘူး။ အငြိမ်းစား စစ်ဗိုလ်မှူးဟောင်းလည်းဖြစ်သူ ဒေါက်တာနေစိုးမောင်ဟာ နဝတ၊ နအဖ ဥက္ကဋ္ဌ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သမီး ဒေါ်ကြည်ကြည်ရွှေရဲ့ ခင်ပွန်းဖြစ်ပြီး နိုင်ငံတော်ပွဲတွေကို အဖိုးဖြစ်သူနဲ့မကြာခဏ တက်ခဲ့ဖူးတဲ့ နေရွှေသွေးအောင်ရဲ့ ဖခင်ဖြစ်ပါတယ်။

အာဏာရှင်ဦးနေဝင်းလက်ထက် ကာကွယ်ရေး ဒုဝန်ကြီးတဦးဖြစ်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်တင်စိန်ရဲ့ သားလည်းဖြစ်ပါတယ်။ ဒေါက်တာနေစိုးမောင်ဟာ စစ်ဆေးတပ်မှာ ဗိုလ်မှူးကြီးအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ပြည်သူ့ကျန်းမာရေးတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်အဖြစ်ကနေ အငြိမ်းစားယူခဲ့သူဖြစ်ပါတယ်။ သူဟာ စစ်ကောင်စီလက်ထက် ပြည်သူအများရင်ဆိုင်ရတဲ့ အခက်အခဲတွေကို သူ့ရဲ့ Facebook အကောင့်မှာ လူသိရှင်ကြား ဝေဖန်ရေးသား ဖော်ပြလေ့ရှိပါတယ်။

ဒေါက်တာနေစိုးမောင်ကို အောက်တိုဘာ ၂၃ ရက် ဗုဒ္ဓဟူးနေ့က မန္တလေး ပြည်ကြီးတံခွန်မြို့မရဲစခန်းမှာ ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက အောက်တိုဘာလ ၂၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင် သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး ဒေါက်တာနေစိုးမောင်က ဝမ်းနည်းကြောင်း သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာ ပို့စ်တင်ခဲ့ပါတယ်။ အဲဒီ ပိုစ့်မှာ နောင်ဘဝမှာ လူဖြစ်ခဲ့လျှင် လွတ်လပ် တရားမျှတပြီး၊ လူကို လူလို ဆက်ဆံတဲ့ နိုင်ငံမှာ လူပြန်ဖြစ်ပြီး လူသားတွေရဲ့ အကျိုးကို ဆက်လက်သယ်ပိုးပေးနိုင်ပါစေ ဆရာလို့ သူ က ရေးသားဖော်ပြခဲ့ပါတယ်။ ဒီလိုရေးသားခဲ့ပြီး နောက်ပိုင်း ဒေါက်တာနေစိုးမောင် ဖမ်းဆီးခံခဲ့ရပုံရပါတယ်။ ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးရက်လည်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး စစ်ကောင်စီနဲ့ စစ်ခေါင်းဆောင်အပေါ် ဝေဖန်မှုတွေကြောင့်ဖမ်းခံရတာဖြစ်တယ် လို့ ပြောဆိုချက်တွေရှိပေမယ့် ဗွီအိုအေက သီးခြားအတည်ပြုနေဆဲပါ။

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီ ဩဇာကြီးမားခဲ့သူအာဏာရှင်ဟောင်းရဲ့ သမီးဖြစ်သူနဲ့ လက်ထပ်ခဲ့သူတယောက်ကို ဖမ်းဆီးလိုက်တဲ့အပေါ် စစ်ကောင်စီက သူ့ကိုဝေဖန်သူတိုင်း ကို ငဲ့ညှာဖို့မရှိသလို သူ့အာဏာကိုထိပါးသူမှန်သမျှ ရှင်းဖို့ဝန်လေးမှာမဟုတ်ဘူးလို့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူက ထောက်ပြပါတယ်။

"အများစုအထင်လွဲနေတာက မြန်မာစစ်တပ်ကအထက်အောက်သစ္စာရှိတယ်။ အဲလိုထင်ကြတယ် တကယ်ကအမိန့်နာခံတာနဲ့သစ္စာရှိတာနဲ့မတူဘူး. ဦးနေဝင်း အပေါ်သစ္စာရှိခဲ့တဲ့တခေတ်ရှိခဲ့ဖူးတယ် အဲဒါကဦးနေဝင်းနဲ့အတူပါသွားပြီ။ သူတို့သစ္စာခံတာက အာဏာဘဲ ရာထူးဘဲ ရာထူးအာဏာမရှိရင်ဘယ်သူ့ကိုမဆို စာ ရင်းထဲမထည့်တာ မြန်မာစစ်တပ်ထုံးစံဘဲ။ ဦးသန်းရွှေလည်းဒီလိုဘဲဗခမင်းအောင်လှိုင်အာဏာရချိန်မှာ ဗိသုကာအနေနဲ့ ဩဇာရှိမယ်လွှမ်းမိုးနိုင်ဦးမယ် ဦးသန်း ရွှေအပေါ်သစ္စာရှိဦးမယ်လို့ ထင်ကြတယ် တကယ်ကအဲလိုမဟုတ်ပါဘူး။ ဦးနေဝင်းအာဏာစွန်းကတည်းက ပြီးခဲ့ပါပြီ။"

ဒေါက်တာနေစိုးမောင်ဟာ ၂၀၂၁ခုနှစ် မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းချိန်မှာလည်း လူထုလှုပ်ရှားမှုတွေမှာပါဝင်ကြောင်း၊ စစ်အာဏာသိမ်းတာ လက်မခံကြောင်း သူ့ရဲ့ လူမှုကွန်ရက်တွေမှာ ရေးသားတင်ပြခဲ့ဖူးပါတယ်။ နောက်ပြီး မကြာခဏဆိုသလို စစ်ခေါင်းဆောင်လုပ်ဆောင်မှုတွေနဲ့ လက်ရှိနိုင်ငံအခြေအနေကိုလည်းသွယ်ဝိုက်ပြောဆိုတာ၊ ဝေဖန်ပြောဆိုတာတွေ သူ့လူမှုကွန်ယက်စာမျက်နှာမှာ တင်လေ့ရှိပါတယ်။

ဗိုလ်ချုပ်မှူကြီးဟောင်း ဦးသန်းရွှေရဲ့ သားမက်တော်စပ်ခဲ့သူ ဒေါက်တာနေစိုးမောင်ကို ဖမ်းဆီးတာနဲ့ပတ်သက်လို့ စစ်ကောင်စီကို ဗွီအိုအေက ဆက်သွယ်မေးမြန်းပေမယ့် အခုချိန်အထိ ပြန်လည်ဖြေဆိုခြင်း မရှိသေးပါဘူး။ သူ့ရဲ့ သားဖြစ်သူနေရွှေသွေးအောင်ဆီကိုလည်း ဆက်သွယ်ပေမယ့် ပြန်လည်တုံပြန်ဖြေဆိုတာမရှိခဲ့ပါဘူး။ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ဝေဖန်သူတွေကို ဖမ်းဆီးထောင်ချခဲ့နေတဲ့ထဲမှာ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်ကိုပါ အရေးယူခဲ့ပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကိုလည်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဝေဖန်လို့ အကြမ်းဖက်ဥပဒေပုဒ်မ ပုဒ်မ ၅၀၅-က၊ ပုဒ်မ ၁၂၄ (ဃ) တို့နဲ့ ဖမ်းဆီးအရေးယူပြီး ထောင်ဒဏ်(၁၀)နှစ် ချမှတ်ခဲ့ဖူးပါတယ်။

စစ်ကောင်စီကတော့ နိုင်ငံတော်တည်ငြိမ်ရေးပျက်ပြားအောင် အားပေးကူညီသူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေဖြစ်တဲ့ ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က၊ ပုဒ်မ ၅၀၅-ကနဲ့ အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃(က)တွေကို ပြဋ္ဌာန်းထားပြီး မျက်ကွယ်ပြုသူ ဖောက်ဖျက်သူတွေကို တည်ဆဲဥပဒေအရအရေးယူ ဖမ်းဆီးထိန်းသိမ်းမှာဖြစ်ပြီး ဖမ်းဆီးခံရသူရဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေကိုလည်း သိမ်းယူနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ဝေဖန်ရေးသားလို့ ဖမ်းဆီးခံရသူ ၁၇၀၀ နီးပါးအထိရှိတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar အဖွဲ့က စက်တင်ဘာ ၁၆ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

Forum

XS
SM
MD
LG