သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာတဝန်း စာနာမှုဆိုင်ရာ အကူအညီပေးမှုတွေ လျော့ကျလာနေ


ယူကရိန်းအပေါ် နိုင်ငံတကာက အကူအညီတွေ အဓိကပေးနေတာကြောင့်၊ ကမ္ဘာတဝန်းက တခြားဒုက္ခသည်ပြဿနာတွေမှာ အကူအညီတွေ လျော့နည်းလာနေတယ်လို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ကျွမ်းကျင်သူတွေက ပြောလိုက်ပါတယ်။ ယူကရိန်း-ရုရှားစစ်ပွဲကြောင့် ဒုက္ခသည် ၇.၇ သန်း လောက်ရှိပြီး၊ နောက်ထပ် ၇ သန်းကျော်က အိုးအိမ်တွေ ဆုံးရှုံးခဲ့ရသလို၊ စားနှပ်ရိက္ခာနဲ့ တခြားအခြေခံလိုအပ်ချက်တွေ အကြီးအကျယ် လိုအပ်လာနေတာပါ။

အမေရိကန်အစိုးရအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ယူကရိန်းကို ဒေါ်လာဘီလျံပေါင်းများစွာ အကူအညီပေးပြီး၊ ယူကရိန်းပြဿနာအပေါ် အာရုံစိုက်နေချိန်မှာ ရိုဟင်ဂျာဒုက္ခသည် အရေးကိစ္စအပါအဝင် မြန်မာ၊ အာဖဂန်နစ္စတန်၊ ဆေဟဲလ်၊ အီသီယိုပီးယားစတဲ့ ကမ္ဘာတဝန်းက တခြားလူသားချင်းစာနာမှုဆိုင်ရာ ပြဿနာတွေအပေါ် လိုအပ်တဲ့ အကူအညီပေးမှုတွေ လျော့ကျလာနေတာ ဖြစ်ပါတယ်။

ဥရောပကော်မရှင်ဥက္ကဋ္ဌအပါအဝင် အခြားဥရောပကော်မရှင်အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဝန်ကြီးတွေကတော့ ယူကရိန်းပဋိပက္ခကြောင့် တခြားကိုပေးနေတဲ့ အကူအညီတွေကို လျှော့ချသွားမှာမဟုတ်ဘူးလို့ ပြောပေမယ့်၊ လက်တွေ့မှာတော့ ဆွီဒင်၊ ဒိန်းမတ်၊ ဗြိတိန်၊ ဂျာမနီတို့လို့ ဥရောပသမဂ္ဂအဖွဲ့ဝင် တနိုင်ငံချင်းစီက အကူအညီပေးတာတွေကို လျှော့ချတာတွေ၊ ဆိုင်းငံတာတွေ၊ တခြားကိုလွှဲပေးတာတွေ စတင်လုပ်လာနေတယ်လို့ ပြနေပါတယ်။

ဆွီဒင်က သီရိလင်္ကာကိုပေးတဲ့ အကူအညီထဲက ဒေါ်လာ ၁ သိန်းခွဲကို ယူကရိန်းကိုပေးခဲ့သလို၊ ဒိန်းမတ်ကလည်း ယူကရိန်းက ထွက်ပြေးလာသူတွေကို လက်ခံဖို့အတွက် ဆီးရီးယား၊ မာလီနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ဖွံ့ဖြိုးရေးအကူအညီ ပေးနေတာတွေကို ရွှေ့ဆိုင်းသွားမယ်လို့ ကြေငြာခဲ့ပြီး အခုလိုမျိုး အကူအညီတွေ လျော့ကျလာနေတဲ့အပေါ်မှာ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ စိုးရိမ်တယ်လို့ ဖော်ပြလာနေကြပါတယ်။

=== Unicode ===





XS
SM
MD
LG