သုံးရလွယ်ကူစေသည့် Link များ

ဟားခါးရပ်ကွက်တချို့ နေရာပြောင်းရကိန်းကြုံ


ချင်းပြည်နယ်မြို့တော် ဟားခါးမြေပြိုမှုမြင်ကွင်း။ (ဓာတ်ပုံ/NB Sila/သြဂုတ် ၉၊ ၂၀၁၅)

မိုးများပြီး မြေပြိုတာတွေဖြစ်ပွားပြီးတဲ့နောက် ဘူမိဗေဒပညာရှင် ၄ ဦး ချင်းပြည်နယ် ဟားခါးမြို့ကို လာရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သလို ပြောင်းရွှေ့ရေးအတွက် ဆောင်ရွက်သွားမယ်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်တဦးက ပြောပါတယ်။ လတ်တလောအခြေအနေမှာတော့ မြေပြိုတဲ့ ရပ်ကွက်နဲ့ အန္တရာယ်ရှိတဲ့နေရာတွေကို အဓိက ပြောင်းရွှေ့မှာဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့လ အဆက်မပြတ်ရွာသွန်းခဲ့ မုတ်သုန်မိုးနဲ့ မုန်တိုင်းကြောင့် မြန်မာပြည်အ၀ှမ်းမှာ ရေကြီးရေလျှံတာတွေ ဖြစ်ခဲ့သလို ချင်းပြည်နယ်အနှံ့မှာလည်း မြေပြိုပြီး လမ်း၊ တံတား၊ အဆောက်အုံတွေ ပြိုကျပျက်စီးတာတွေ ဖြစ်ခဲ့ရာမှာဟားခါးမြို့မှာတော့ နေအိမ်အတော်များများ ပျက်စီးခဲ့ပါတယ်။

ဒီလို မြေပြိုပြီးနေအိမ်ပျက်ဆီးတာတွေဖြစ်ပေါ်ခဲ့တဲ့နောက် ဟားခါးမြို့ ဘူမိဗေဒအခြေအနေကို လေ့လာဆန်းစစ်ပြီး ပြောင်းရွှေ့ရေးအတွက် ပြည်နယ်အစိုးရက ပြင်ဆင်နေကြောင်း ချင်းပြည်နယ်အစိုးရ ဘဏ္ဍာရေးဝန်ကြီး ဦးနန်ဇမုန်က ပြောပါတယ်။

“ပြောင်းရွှေ့ရေးနဲ့ပတ်သက်လို့တော့ မနေ့က ဘူမိဗေဒပညာရှင် လေးဦးက- ဒီနေ့ကနေ ကလေးကနေ ဖလမ်း၊ ဟားခါး-တက်လာပြီပေါ့နော်။ သူတို့ဟားခါးရောက်ရင် အစိုးရအဖွဲ့နဲ့တွေ့ပြီးတော့ အစိုးရအဖွဲ့ကနေ ဘယ်နေရာ၊ ဘယ်နေရာတွေ ဘာလုပ်သင့်တယ်ဆိုတာ သူတို့နဲ့တိုင်ပင်ပြီးတော့ နေရာအစားရွှေ့မယ့်နေရာတွေကို သူတို့နဲ့ကြည့်မယ်၊ ကြည့်ပြီးတော့မှ ဘယ်နေရာမှာ နေရာချပေးမယ်ဆိုတာ သိရမယ်ပေါ့နော်။”

လောလောဆယ်မှာတော့ တမြို့လုံးပြောင်းရွှေ့ဖို့ထက် နေမဖြစ်တဲ့နေရာတွေကို အရင် ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြောင်းလည်း ဆက်ပြောပါတယ်။

“အဓိက-ကတော့ လက်ရှိ အိမ်ပြိုတဲ့ဟာတွေ၊ ယိုင်နေတဲ့ဟာတွေ၊ နောက် နောက် မနေသင့်တဲ့ဟာကိုတော့ အရင်ပြောင်းရမှာပေါ့နော်။ နည်းနည်းခံသာသေးတယ်ဆိုတဲ့နေရာမျိုးတော့ လောလောဆယ် ပြောင်းချင်မှပြောင်းမှာပေါ့။ ဒါပေမယ့် ရေရှည်အတွက်တော့ ဆက်လက် မနေသင့်တဲ့အနေအထားတွေ ရှိတဲ့နေရာတွေလည်း ရှိပါတယ်။ တမြို့လုံးတော့ မဟုတ်သေးပါဘူး။ အန္တရာယ်ရှိတဲ့နေရာတွေကို ပြောင်းကိုပြောင်းရမှာပါ။”

ပြည်နယ်အစိုးရရုံးက တာဝန်ရှိသူတဦးကတော့ ဘူမိဗေဒပညာရှင်တွေ လေ့လာပြီး ဟားခါးမြို့မှာ ဆက်လက်နေထိုင်ဖို့ မသင့်ဘူးလို့သုံးသပ်ရင် တမြို့လုံးပြောင်းရွှေ့ဖို့လည်း ဖြစ်လာနိုင်ကြောင်းနဲ့ ဒီလို ပြောင်းဖို့လိုအပ်လာရင် ပြည်နယ်လွှတ်တော်မှာ တင်ပြဆုံးဖြတ်ချက်ရယူမှာဖြစ်ကြောင်းပြောပါတယ်။

ဟားခါးမြို့ခံတဦးကတော့ အခုလို ပညာရှင်တွေ လာရောက်လေ့လာတာကို ကြိုဆိုကြောင်း ပြောပါတယ်။

“ဘူမိပညာရှင်တွေ အဲလိုလာတာက ကျနော်တို့လည်း ၀မ်းသာပါတယ်၊ ဟုတ်တယ်။ သူတို့က ပညာရှင်တွေဆိုတော့ မြေကြီးရဲ့အခြေအနေကို ရှေ့မှာ ဘယ်လောက်အထိ ခံနိုင်မလဲ-ပေါ့၊ ဘယ်လောက်အထိ အန္တရာယ်ရှိတယ်ပေါ့-အဲလိုမျိုး စမ်းသပ်ပြီးတော့ ကြည့်ရှုပေးတာက ကျနော်တို့အတွက်လည်း စိတ်ထဲမှာက ပိုပြီးတော့ ချမ်းသာတာပေါ့နော။”

ဟားခါးမြို့မှာ မြေပြိုတာကြောင့် ဒုက္ခသည် ၅ ထောင်ကျော်လောက်ဟာ မြို့ပေါ်က ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြပါတယ်။ ဒီရက်ပိုင်းမှာတော့ ဟားခါး-ကလေးလမ်းပွင့်ပြီးကားငယ်တွေ ပြေးဆွဲနေပြီဖြစ်ပါတယ်။ ဆိုးဆိုးဝါးဝါးပျက်ဆီးခဲ့တဲ့ ဟားခါး-ဂန့်ဂေါလမ်းကိုတော့ ပြင်ဆင်ဆဲအခြေအနေမှာ ရှိနေပါတယ်။

XS
SM
MD
LG