သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဝန်ကြီးချုပ် အမေရိကန်ခရီးစဉ် ၂ နိုင်ငံတာဝန်ရှိသူတွေ အကောင်းမျှော်လင့်


Indian Prime Minister Narendra Modi
Indian Prime Minister Narendra Modi

အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ (Narendra Modi) ဟာ လာမယ့်ဇွန်လ ၂၂ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုကို နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်မှာဖြစ်ပြီး၊ ဒီခရီးစဉ်က ၂ နိုင်ငံဆက်ဆံရေးမှာ သမိုင်းမှတ်တိုင်သစ်တွေ စိုက်ထူနိုင်လိမ့်မယ်လို့ ၂ ဘက်တာဝန်ရှိသူတွေက အပြုသဘောဆောင် ရှုမြင်နေကြပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar ကတော့ အိန္ဒိယနဲ့ အမေရိကန် ၂ နိုင်ငံဆက်ဆံရေးက အလွန်ကို တိုးတက်ကောင်းမွန်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

နည်းပညာပိုင်း၊ ကုန်သွယ်ရေးပိုင်း၊ ပြီးတော့ နိုင်ငံရေးအရဆုံချက်နဲ့ မဟာဗျူဟာကျတဲ့ အကျိုးစီးပွားပိုင်းတွေကိုပဲ ကြည့်ကြည့်၊ အိန္ဒိယနဲ့ အမေရိကန်နိုင်ငံရဲ့ ဆက်ဆံရေးက ပိုပြီးတော့ အားကောင်းလာနေတယ်ဆိုတာ အလွန်ကို စိတ်ဝင်စားစရာကောင်းတဲ့ကိစ္စ ဖြစ်တယ်လို့ထင်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Jaishankar က သတင်းထောက်တွေကို ပြီးခဲ့တဲ့ တပတ်က ပြောပါတယ်။

အဲဒီထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးကိစ္စကတော့ တရုတ်နိုင်ငံခေါင်းထောင်လာတဲ့ကိစ္စ ဖြစ်တယ်လို့ အကဲခတ်တွေက ပြောပါတယ်။ အိန္ဒိယနဲ့ တရုတ်နိုင်ငံကြား ၂ နိုင်ငံနယ်စပ်ပြဿနာနဲ့ ပတ်သက်ပြီး စစ်ရေးအရတင်းမာမှုတွေ ၃ နှစ်ကြာ ရှိလာချိန်မှာပဲ၊ အခုလို အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ အမေရိကန်ခရီးစဉ် ဖြစ်လာခဲတာပါ။ အရင်ကတော့ အိန္ဒိယက အမေရိကန်နဲ့ နီးနီးကပ်ကပ် ဆက်ဆံဖို့ တွန့်ဆုတ်နေခဲ့ပြီး၊ အခုအခါမှာတော့ ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကို ချိန်ခွင့်လျှာ ပြန်ညှိဖို့အတွက် အာရှမှာ အမေရိကန်နဲ့ နီးနီးကပ်ကပ် လုပ်ဆောင်ဖို့ လိုအပ်လာနေတယ်ဆိုတာကို ၂ ဘက်စလုံးက သဘောတူ လက်ခံလာကြတယ်လို့ အကဲခတ်တွေက ပြောပါတယ်။

ဝန်ကြီးချုပ် မိုဒီဟာ ဒီခရီးစဉ်အတွင်း အမေရိကန်လွှတ်တော်မှာ မိန့်ခွန်းပြောသွားမှာ ဖြစ်သလို၊ ထိပ်တန်းစီးပွားရေးလုပ်ငန်းတွေနဲ့လည်း တွေ့ဆုံသွားဖို့ရှိနေပါတယ်။

XS
SM
MD
LG