သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီရေး အားပေးသူ အိန္ဒိယနိုင်ငံရေးသမား George Fernandes ကွယ်လွန်

အိန္ဒိယကာကွယ်ရေးဝန်ကြီးဟောင်းလည်းဖြစ်၊ မြန်မာ့ ဒီမိုကရေစီအရေးကို တက်ကြွစွာ ကူညီပံ့ပေးခဲ့သူလည်းဖြစ်တဲ့ အိန္ဒိယ ဝါရင့် နိုင်ငံရေးသမားကြီး George Fernandes ဟာ ဒီကနေ့ အင်္ဂါနေ့မှာဘဲ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ အသက် ၈၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ GeorgeFernandes ဟာ Alzheimer မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါကို ကာလရှည်ကြာ ခံစားပြီးတဲ့နောက်မှာ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

George Fernandes ဟာ မြန်မာနိုင်ငံမှာ ရှစ်လေးလုံး ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒပြမှုတွေနောက်ပိုင်း အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံခဲ့ကြတဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်တွေကို နယူးဒေလီမြို့က သူ့ရဲ့ အိမ်မှာ နေထိုင်ခွင့်၊ ရုံးခန်းဖွင့်ခွင့်တွေ ပေးခဲ့တဲ့ အပြင် အိန္ဒိယရဲ့ အထင်ကရ ဝါရင့် လွှတ်တော်အမတ် တဦးအနေနဲ့ မြန်မာ့ ဒီမိုကရေစီအရေးအတွက် ထိပ်တန်းကနေ ဦးဆောင် ကူညီပေးခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ ကူညီ ပံ့ပိုးမှုတွေကြောင့် အိန္ဒိယလွှတ်တော်အတွင်းမှာရော၊ လွှတ်တော်ပြင်ပမှာပါ မြန်မာ့ ဒီမိုကရေစီအရေးကို စိတ်ဝင်စားမှု၊ ကူညီပေးမှုတွေ ရရှိခဲ့ပါတယ်။

ဆိုရှယ်လစ်ဝါဒကို ယုံကြည်သူ George Fernandes ဟာ ၁၉၇၀ ခုနှစ်တွေကစလို့ အိန္ဒိယနိုင်ငံမှာ အလုပ်သမားအခွင့်အရေးတွေကို ဦးဆောင် လှုပ်ရှားခဲ့သူဖြစ်ပြီး Janata Dal ပါတီရဲ့ ခေါင်းဆောင်တဦအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို နောက်ပိုင်းမှာ သူ့ကိုယ်ပိုင် Samata ပါတီကို တည်ထောင်ခဲ့ပါတယ်။

George Fernandes ဟာ အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် ၁၉၉၈ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သလို၊ ဆက်သွယ်ရေးဝန်ကြီး၊ စက်မှုဝန်ကြီးနဲ့ မီးရထားဝန်ကြီး စတဲ့ အစိုးရဝန်ကြီးတာဝန်တွေကိုလည်း အသီးသီး ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

George Fernandes ဟာ မြန်မာ့ ဒီမိုကရေစီအရေးတင်သာ မကဘဲ တိဘက်လူမျိုးတွေရဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုကိုလည်း တက်ကြွစွာ ကူညီပေးခဲ့သူ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီရေး အားပေးသူ အိန္ဒိယနိုင်ငံရေးသမား George Fernandes ကွယ်လွန်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG