အမေရိကန်ပြည်ထောင်စုရဲ့ ၄၁ ယောက်မြောက် သမ္မတ George H.W. Bush ဟာ Texas ပြည်နယ် Houston မြို့က သူ့နေ့အိမ်မှာ ကွယ်လွန်သွားကြောင်း မိသားစုရဲ့ပြောခွင့်ရက သောကြာနေ့နှောင်းပိုင်းမှာ ပြောပါတယ်။
အသက် ၉၄ နှစ်အရွယ် သမ္မတဟောင်းဟာ ပါကင်ဆဲန်နဲ့ တခြားရောဂါတွေကြောင့် နှစ်အတော်ကြာ ကျန်းမာရေး ဆိုးရွားနေတာပါ။
ချမ်းသာကြွယ်ဝတဲ့ မျိုးရိုးကဆင်းသက်လာပေမယ့်လည်း သမ္မတ George H.W. Bush ဟာ နိုင်ငံအတွက် ကျရာအခန်းဂဏ္ဍကနေ တာဝန်ထမ်းဆောင်ခဲ့တာကြောင့် ၂၀ ရာစုအတွင်း လေးစားစရာ ပုဂ္ဂိုလ်တဦး အဖြစ် နဲ့လည်း အသိအမှတ်ပြုထားခံရသူပါ။ အထက်လွှတ်တော်အမတ်တယောက်ရဲ့သားဖြစ်သူ သမ္မတ Bush ဟာ ဒုတိယကမ္ဘာစစ်အတွင်း တိုက်လေယာဉ်မောင်းသမားတဦးဖြစ်ခဲ့ပြီး ရီပတ်ဘလစ်ကန် အောက်လွှတ်တော် အမတ်နဲ့ ရီပတ်ဘလစ်ကန်ပါတီ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့ဖူးပါတယ်။
ဒါ့အပြင် ထက်မြတ်တဲ့သံတမန်အဖြစ်နဲ့ရော ဗဟိုထောက်လှမ်းရေးအဖွဲ့ရဲ့အကြီးအကဲတာဝန်လည်း ထမ်းဆောင်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အယောက် ၄၀ မြောက် သမ္မတ Ronald Reagan လက်ထက်မှာ သမ္မတ Bush ဟာ ဒုတိယသမ္မတ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၈၈ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက် သမ္မတလောင်း Michael Dukakis ကို အနိုင်ရပြီး သမ္မတ ဖြစ်လာပါတယ်။
အဲဒီနောက် သမ္မတ ဒုတိယသက်တမ်းအတွက် ၁၉၉၂ ခုနှစ် ရွေးကောက်ပွဲ ပြန်လည်ယှဉ်ပြိုင်ရာမှာ ဒီမိုကရက် သမ္မတလောင်း Bill Clinton ကို ရှုံးနိမ့်ပြီး သမ္မတသက်တမ်းကာလ တကြိမ်သာ တာဝန်ထမ်းဆောင်နိုင်ခဲ့ပါ တယ်။ အဲဒီနောက်ပိုင်း ပါကင်ဆန်ရောဂါကြောင့် လူအများမြင်ကွင်းမှာ အချိန်တော်တော်ကြာ ပျောက်နေ ခဲ့ပြီးနောက် ဓါတ်ပုံတပုံထဲမှာ အရောင်တောက်တောက် ခြေအိတ်အစင်းကျားဝတ်ထားတဲ့ ပြုံးနေသူ သမ္မတ Bush ပုံဟာ လူအများအတွက် သတိထား အမှတ်ရ ပြောစရာ ဖြစ်ခဲ့ပါတယ်။
သမ္မတ Bill Clinton နောက် သားဖြစ်သူGeorge W. Bush လည်း သမ္မတ ဖြစ်လာတာကြောင့် အမေရိကန်ပြည်ထောင်စုသမိုင်းမှာ ဒုတိယအကြိမ်မြောက် သမ္မတတာဝန်ထမ်းဆောင်တဲ့ သားအဖလည်း ဖြစ်လာပါတယ်။
သမ္မတ Gorege H.W. Bush ဟာ ဇနီးဖြစ်သူ Barbara Pierce Bush နဲ့ အိမ်ထောင်သက် ၇၃ နှစ်ကြာ ပေါင်းဖက်ခဲ့တာကြောင့် အမေရိကန်သမိုင်းမှာ သက်တမ်းအရှည်ကြာဆုံး ပေါင်းဖက်ခဲ့တဲ့ သမ္မတဇနီးမောင်နှံ လည်းဖြစ်ပါတယ်။ First Lady ဖြစ်ခဲ့သူ အသက် ၉၂ နှစ်အရွယ် Barbara Bush ဟာ ဒီနှစ် ဧပြီလအတွင်း ကွယ်လွန်သွားခဲ့ပါတယ်။