သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ပြောင်းလဲရေးတွေ ဦးသိန်းစိန်နဲ့ George Soros ဆွေးနွေး


မြန်မာနိုင်ငံကိုရောက်နေတဲ့ အမေရိကန် ကုဋေကြွယ်သူဌေးကြီး George Soros ဟာ ဒီကနေ့ သမ္မတ ဦးသိန်းစိန်နဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံအတွင်း လတ်တလော လုပ်ဆောင်နေ တဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ Mr. Soros ဟာ နေ့လည်ပိုင်းမှာ ပြန်ကြားရေးနဲ့ ဘဏ္ဍာရေးစတဲ့ ဝန်ကြီးဌာနတွေက ပြည်ထောင်စုဝန်ကြီးတွေနဲ့လည်း တွေ့ဆုံပြီး ဝန်ကြီးဌာနအလိုက် ပြုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံကို ဇန်နဝါရီလ ၅ ရက်နေ့ကတည်းက ရောက်ရှိနေတဲ့ အမေရိကန် ကုဋေကြွယ်သူဌေးကြီး George Soros ဟာ ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး လက်ရှိ လုပ်ဆောင်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ်၊ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် အသစ်ခန့်အပ် တာဝန်ပေး ခံထားရသူလည်းဖြစ်တဲ့ ဦးရဲထွဋ်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပြပါတယ်။

“သမ္မတကြီးနဲ့ ဂျော့၊ ဆိုးရော့စ် တွေ့ပါတယ်ခင်ဗျာ။ ကျနော်တို့ကတော့ အဲဒီအထဲကို မဝင်ရလို့ အသေးစိတ်တော့ မသိပါဘူးခင်ဗျာ။ အကြမ်းဖျဉ်းအားဖြင့်တော့ မြန်မာနိုင်ငံရဲ့ လုပ်နေတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အခြေအနေတွေရယ်၊ နောက်တခါ ပြန်ကြားရေးဆိုင်ရာအပါအဝင် ကျန်တဲ့ ပြုပြင်ပြောင်းလဲနေတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့မှ ဆွေးနွေးမယ်လို့ အကြမ်းဖျဉ်းသိထားပါတယ်။ အခု သမ္မတကြီးလုပ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးကြပါတယ်။ ပြီးရင် ဂျော့၊ ဆိုးရော့စ် ဘက်က သူ့အဖွဲ့အစည်းတွေဘက်က ဆောင်ရွက်ပေးနိုင်မယ့် အခြေအနေတွေလည်း ဆွေးနွေးသွားတယ်လို့ သိရပါတယ်ခင်ဗျ။”

နိုင်ငံတော်သမ္မတနဲ့ မစ္စတာ ဆိုးရော့စ်တို့တွေ့ဆုံစဉ်မှာ သူ့တက်ရောက်ခွင့် မရှိခဲ့ပေမယ့်လည်း နောက်ပိုင်း မနက် ၁၁ နာရီကျော်ကျော်လောက်မှာ ပြန်ကြားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပြုလုပ်တဲ့ တွေ့ဆုံပွဲကိုတော့ သူတက်ရောက်ခဲ့တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

“ပြန်ကြားရေးဌာန၊ ပြည်ထောင်စုဝန်ကြီးရယ်၊ ဘဏ္ဍာရေးဌာန ပြည်ထောင်စုဝန်ကြီးတွေရယ်နဲ့ တွေ့တဲ့အချိန်မှာတော့ ကျနော်လည်း တက်ရောက်ခွင့် ရပါတယ်။ ပြန်ကြားရေးကဏ္ဍနဲ့ပတ်သက်လို့ရှိရင်တော့ ကျနော်တို့ ပြန်ကြားရေးဝန်ကြီးဌာနက ပြောင်းလဲနေတဲ့ နိုင်ငံပိုင် မီဒီယာတွေကို အများပြည်သူ ဝန်ဆောင်မှု မီဒီယာအဖြစ်နဲ့ ပြောင်းတဲ့အခါမှာ လိုအပ်တဲ့လေ့ကျင့်ရေးကိစ္စတွေနဲ့ပတ်သက်လို့ Open Society ဘက်ကနေပြီးတော့မှ အကူအညီ ပေးနိုင်မယ့် ကိစ္စတွေကို ကျနော်တို့ဆွေးနွေးခဲ့ပါသေးတယ်။ ဒုတိယအနေနဲ့ကတော့ ကျနော်တို့ စာပေဗိမာန်ကို အရင်တုန်းက ၁၉၇၂ ခုနှစ် မတိုင်မီက ရှိခဲ့တဲ့ စာပေဗိမာန်နဲ့ မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်းလိုမျိုး ပြန်ပြီးတော့မှ ဖွဲ့စည်းနိုင်အောင်၊ စာအုပ်စာပေတွေကို နိုင်ငံတကာစာပေတွေကို မြန်မာဘာသာအပြင် တိုင်းရင်းသားဘာသာတွေနဲ့ပါ ဘာသာပြန်ဆိုပြီးတော့ ပြည်သူတွေလက်ထဲကို အဖိုးနှုန်း ချိုသာစွာနဲ့ ဖြန့်ဝေနိုင်အောင် ကျနော်တို့ လုပ်မယ့်ကိစ္စတွေ-အဲဒါတွေကို ဆွေးနွေးခဲ့ပါတယ်။

အဲဒီကိစ္စမှာလည်း Open Society ဘက်ကနေပြီး ကျွမ်းကျင်တဲ့ပညာရှင်တွေ လာရောက်တွဲဖက်ပြီးတော့ အကူအညီပေးဖို့ အသေးစိတ်ကိစ္စတွေ ကိုတော့ ကျနော်တို့တွေ ဆက်ပြီးဆွေးနွေးဖို့ ဆိုပြီးတော့မှ သဘောတူခဲ့ကြပါတယ်ခင်ဗျ။ သာသနာရေးဝန်ကြီးဌာနနဲ့ကတော့ဗျာ - လက်တွေ့ ကျင့်သုံးနေတဲ့ ဘဏ္ဍာရေးနဲ့ ငွေရေးကြေးရေး ပေါ်လစီ (မူဝါဒ) တွေအပေါ်မှာ သူ့ရဲ့အမြင်တွေ၊ နောက် သူ့ရဲ့ အကြံပြုချက်တွေ - အဲဒါတွေကို ဆွေးနွေးပါတယ်လို့ပဲ သိရပါတယ်ခင်ဗျ။ ”

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ်၊ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် အသစ်ခန့်အပ် တာဝန်ပေးခံထားရသူလည်းဖြစ်တဲ့ ဦးရဲထွဋ် ပြောပြခဲ့တာပါ။

George Soros ဟာ မနေ့တုန်းကတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ NLD ပါတီက ခေါင်းဆောင်တွေ အပါအဝင် နယ်ပယ်စုံက ပုဂ္ဂိုလ်တွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ လက်ရှိ လုပ်ဆောင်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ မီဒီယာကိစ္စတွေကို ဆွေးနွေးခဲ့တာပါ။

George Soros ဟာ မနက်ဖြန်မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

မစ္စတာ ဆိုးရော့စ်ဟာ ကမ္ဘာတဝှမ်း ဖိနှိပ်ခံ လူ့အဖွဲ့အစည်းတွေ တိုးတက်မြင့်မားရေးအတွက် သူ့ကိုယ်ပိုင် ငွေကြေးကို စိုက်ထုတ်ပြီး Open Society Institute လို့ခေါ်တဲ့ ပွင့်လင်း လူမှုအဖွဲ့အစည်းကတဆင့် ကူညီ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ OSI လို့ လူသိများတဲ့ ဒီ Open Society Institute ဟာ ၁၉၉၄ ခုနှစ်ကစလို့ မြန်မာနိုင်ငံ ဒီမိုကရေစီတိုးတက်ရေးနဲ့ ပညာရေးဆိုင်ရာ အထောက်အကူတွေကို ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ ဆိုးရော့စ်ဟာ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်တုန်းကလည်း မြန်မာနိုင်ငံကို ပထမအကြိမ်အဖြစ် ၈ ရက်ကြာ သွားရောက် လည်ပတ်ခဲ့ပါသေးတယ်။ သူ့ရဲ့ အဲဒီ မြန်မာပြည်ခရီးစဉ်အတွင်း မစ္စတာ ဆိုးရော့စ်ဟာ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့လည်း တွေ့ဆုံခဲ့တာပါ။ အဲဒီခရီးစဉ်အတွင်း သမ္မတနဲ့ တွေ့ဆုံပြီးနောက် လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ သူ့အဖွဲ့ရဲ့ ရုံးခွဲ မြန်မာနိုင်ငံမှာ ဖွင့်မယ်လို့ ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG