သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သန်းကြွယ်သူဌေးကြီး Soros မြန်မာပြည်ရောက်


ဟန်ဂေရီနွယ်ဖွား ကုဋေကြွယ်သူဌေးကြီး George Soros
ဟန်ဂေရီနွယ်ဖွား ကုဋေကြွယ်သူဌေးကြီး George Soros
မြန်မာနိုင်ငံကိုရောက်နေတဲ့ အမေရိကန် ကုဋေကြွယ်သူဌေးကြီးတစ်ဦးဖြစ်တဲ့ ဂျော့ရှ် ဆိုးရောစ် (George Soros) ဟာ ပြည်တွင်းရောက်ရှိစဉ်မှာ နယ်ပယ်စုံက ပုဂ္ဂိုလ်တွေကို တွေ့ဆုံ ခဲ့ပြီး မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ မီဒီယာကိစ္စတွေကို ပါ တွေ့ဆုံ မေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဂျော့ရှ် ဆိုးရောစ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ သူနဲ့တွေ့ခွင့်ရခဲ့တဲ့ သူတွေက ပြောပါတယ်။

ဒီကနေ့မှာလည်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဦးဆောင်လှုပ်ရှားသူ တချို့နဲ့ တွေ့ဆုံ ခဲ့ပြီး မြန်မာနိုင်ငံအတွင်းက သယံဇာတ တူးဖော်ရေးတွေမှာလည်း ပွင့်လင်းမြင်သာမှု ရှိဖို့ ကိစ္စတွေ အပါအဝင် ပြည်တွင်းငြိမ်းချမ်းရေးကို အရပ်ဖက်အဖွဲ့အစည်းတွေက ပါဝင်ဆောင်ရွက်သွားရေး ကိစ္စ တွေကိုပါ ဆွေးနွေးသွားခဲ့တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ထိပ်ပိုင်း ဦးဆောင် အဖွဲ့ဝင် တစ်ဦး က ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။

အမေရိကန် ရင်းနှီးမြှုပ်နှံရှင် ကုဋေကြွယ်သူဌေးကြီးတစ်ဦးဖြစ်တဲ့ ဂျော့ရှ် ဆိုးရော့စ်ဟာ မြန်မာနိုင်ငံ ကို ဇန္နဝါရီလ ၅ ရက်နေ့က ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ ခရီးစဉ်အတွင်းမှာ မြန်မာ့နယ်ပယ် အသီး သီးမှာ လှုပ်ရှားနေကြတဲ့ အရပ်ဘက် လူအဖွဲ့အစည်းက သူတွေနဲ့ တွေ့ ဆုံပြီး မြန်မာနိုင်ငံ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ မီဒီယာ ကိစ္စတွေမှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပါ။

အခုလို တွေ့ဆုံဆွးနွေးမှုတွေ ပြုလုပ်တဲ့အထဲမှာ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ကိုမြအေး၊ ကိုပြုံးချို၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျတို့ဟာ ဂျော့ရှ် ဆိုးရော့စ် နဲ့ ဒီကနေ့ မွန်းလွဲပိုင်းမှာ တွေ့ဆုံခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ သယံဇာတ ထုတ်ဖော်ရေးကိစ္စတွေမှာ ပွင့်လင်း မြင်သာမှုရှိရှိ ဘယ်လို လုပ်ဆောင်ကြမလဲ ဆိုတာတွေကို ဆွေးနွေးဖြစ်တယ်လို့ ကိုမင်းဇေယျ က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ သယံဇာတနဲ့ပတ်သက်တဲ့ ကုန်ထုတ်လုပ်ငန်းတွေပေါ့နော် ဥပမာဆိုပါစို့ - သယံဇာနဲ့ ပတ်သက်တဲ့ ကြေးနီတို့၊ သတ္ထုတို့၊ နောက်ပြီးတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တို့ကို ထုတ်လုပ်တဲ့ နေရာမှာ EIA တို့ SIA တို့ပေါ့နော် သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ကိစ္စတွေ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနဲ့ပတ်သက်တဲ့ကိစ္စတွေ၊ လူမှုသန့်ရှင်းရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ ပြန်လည် စစ်ဆေးမှု အပိုင်းတွေမှာ ပွင့်လင်းမြင်သာမှုနဲ့ စည်းကမ်းတကျဖြစ်မှုပေါ့လေ ကုမ္ပဏီတွေရဲ့ လုပ်ဆောင်ချက်တွေ ရယ်၊ နောက် အစိုးရရဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ ပြန်လည် ဆန်းစစ်တဲ့ ကိစ္စတွေကို ကျနော်တို့ ပြောဆိုဖြစ်ပါတယ်။”

၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ဂျော့ရှ် ဆိုးရော့စ် တွေ့ဆုံစဉ်မှာ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စမှာ အရပ်ဖက် လူအဖွဲ့အစည်းတွေက ပါဝင်ဆောင်ရွက်ရေးကိစ္စတွေကိုလည်း ဆွေးနွေးဖြစ်တယ်လို့ ကိုမင်းဇေယျ က ဆက်ပြောပါတယ်။

“သူကလည်း ၈၈ ကိုလည်း ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေမှာ ဘယ်လိုပုံစံနဲ့ ပူးပေါင်းဆောင်ရွက်နိုင် မလဲ မေးတဲ့အခါမှာ ကျနော်တို့ဘက်ကလည်း ကျနော်တို့သွားခဲ့တဲ့ ငြိမ်းချမ်းရေးခရီးစဉ်တွေ၊ ကျနော် တို့ လုပ်ဆောင်နေတဲ့ ထိတွေ့မှု အပိုင်းတွေပေါ့နော် - တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ နဲ့ရော၊ နိုင်ငံတော်အစိုးရနဲ့ရော ကျနော်တို့ ဘယ်လိုဘယ်လိုတွေ ထိတွေ့ပြောဆိုဆွေးနွေးမှုတွေ ရှိခဲ့ တယ်ဆိုတဲ့ ကိစ္စတွေကို ရှင်းပြတယ်။ ရှင်းပြပြီးတော့ အဓိကက MPC မြန်မာငြိမ်းချမ်းရေးကောင်စီရဲ့ အခန်းကဏ္ဍနဲ့ 88 အခန်းကဏ္ဍအကြောင်း အပြန်အလှန် ဆွေးနွေးကြတဲ့ သဘောပါပဲ။”

ဒါ့အပြင် မစ္စတာ ဂျော့ရှ် ဆိုးရောစ်ဟာ မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်မှုစင်တာက ထိပ်ပိုင်း တာဝန်ရှိ သူတွေနဲ့ ဒီကနေ့ တွေ့ဆုံစဉ်မှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးရေးကိစ္စတွေမှာ Open Society အနေနဲ့ နည်းပညာပိုင်းက ပံ့ပိုးပေးဖို့ ဂျော့ရှ် ဆိုးရော့စ်ကို တောင်းဆိုခဲ့တာ ရှိတယ် လို့ မြန်မာ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုစင်တာက တွေ့ဆုံဆွေးနွေးရေး တာဝန်ရှိသူ ကိုအောင်နိုင်ဦးက ဗွီအိုအေကို ပြောပါတယ်။

“သူ့အနေနဲ့လည်း ဘာတွေ ကူညီရမလဲဆိုတဲ့ ကိစ္စမျိုးတွေတော့ မေးတာရှိပါတယ်။ ကျနော်တို့ အနေနဲ့ ကလည်း Technical Advice ပေါ့နော် နည်းပညာဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုကိစ္စမျိုး ကျနော်တို့ အကြံပေးတာမျိုး ဖြစ်တဲ့အခါကျတော့ အဲ့လိုနည်းပညာမျိုးတွေ တွေ့ဆုံဆွေးနွေးရေး ကိစ္စတွေမှာ လိုအပ်လို့ရှိရင် ပေးဖို့ကိစ္စမျိုးကိုတော့ သူ့အနေနဲ့ ကတိပေးပါတယ်။ ကျနော်တို့ ဘက်ကလည်း အဲ့လို မျိုးတွေ လိုအပ်မယ်ဆိုရင် တောင်းဆိုဖို့ သူ့ဘက်က ပြောတာရှိပါတယ်။”

ဂျော့ရှ် ဆိုးရော့စ်ဟာ ပြည်တွင်း မီဒီယာသမားအချို့နဲ့ တွေ့ရှိခဲ့ပြီး မကြာခင်မှာ ပေါ်ပေါ်က်လာ မယ့် မြန်မာနိုင်ငံက သတင်းစာတွေရဲ့ အခြေအနေတွေကိုလည်း မေမြန်းခဲ့တယ်လို့ ဂျော့ရှ် ဆိုးရောစ်နဲ့ တွေ့ဆုံခဲ့တဲ့ မီဒီယာသင်တန်းဆရာတစ်ဦးဖြစ်တဲ့ ကိုရဲနိုင်မိုး က ဗွီအိုအေကို အခုလို ပြောပါတယ်။

“အဓိက-ကတော့ မစ္စတာဆိုးရော့စ်က လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်စုကျော်လောက်ကတည်းက မြန်မာ မီဒီယာဖွံ့ဖြိုးမှုနဲ့ပတ်သက်ရင် တော်တော်လေး တက်ကြွခဲ့တဲ့လူ ဖြစ်တယ်။ ဒေသတွင်းမှာလည်း မီဒီယာဖွံ့ဖြိုးရေးကို ကူညီခဲ့တဲ့လူဖြစ်တော့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို သိချင်ပါတယ်။ ကျနော်တို့က လက်ရှိအနေအထားမှာ နေ့စဉ်သတင်းစာတွေ ထုတ်ဖို့ ပြင်ဆင်နေတဲ့ အကြောင်း၊ ရေးဆွဲနေတဲ့ မီဒီယာဥပဒေရဲ့ အခြေအနေတွေ၊ ပြောရရင်တော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အထွေထွေသဘောမျိုး ဝိုင်းပြီးတော့ ဆွေးနွေးတဲ့သဘောပါ။”

မစ္စတာ ဆိုးရော့စ်ဟာ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့လည်း တွေ့ဆုံပြီး တိုင်းရင်းသားအရေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အသက် ၈၃ နှစ် ရှိပြီဖြစ်တဲ့ ဂျော့ရှ် ဆိုးရော့စ်ဟာ လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကလည်း မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ထိုစဉ် သမ္မတ ဦးသိန်းစိန်အပြင် ဒေါ်အောင်ဆန်း စုကြည်နဲ့ပါ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဟန်ဂေရီနွယ်ဖွား ကုဋေကြွယ်သူဌေးကြီး မစ္စတာဆိုးရော့စ်ဟာ ကမ္ဘာတဝှမ်း ဖိနှိပ်ခံ လူ့အဖွဲ့အစည်း တွေ တိုးတက်မြင့်မားရေးအတွက် ကူညီဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။ နယူးယောက်အခြေစိုက် သူ့ရဲ့ Open Society အဖွဲ့အစည်းဟာ ၁၉၉၄ ခုနှစ်ကစလို့ မြန်မာနိုင်ငံ ဒီမိုကရေစီ တိုးတက်ရေး အတွက်လည်း ပညာရေး အထောက်အကူအပါအဝင် အစီအစဉ်တွေကို ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG