ဂျာမနီနိုင်ငံမှာ ၄ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ Magdeburg မြို့က Christmas ဈေးပွဲတော်နေရာကို ဝန်ကြီးချုပ် Olaf Scholz ဒီနေ့ သွားရောက်ခဲ့ပါတယ်။
ဝန်ကြီးချုပ် Scholz နဲ့အတူ ပြည်ထဲရေးဝန်ကြီးသာမက ဂျာမနီနိုင်ငံရေးသမား တော်တော်များများလည်း ဝမ်းနည်းခြင်း အထိမ်းအမှတ် အနက်ရောင်တွေ ဝတ်ဆင်ပြီး အခင်းဖြစ်တဲ့နေရာမှာ လွမ်းသူ့ပန်းစည်းတွေ ချထားခဲ့ကြပါတယ်။ ဒီနေ့ နှောင်းပိုင်းကျရင်လည်း သေဆုံးဒဏ်ရာရသူတွေအတွက် အောက်မေ့ဘွယ် အခမ်းအနားကျင်းပမှာ ဖြစ်ပါတယ်။
သောကြာနေ့ညက လူစည်ကားနေတဲ့ Magdeburg မြို့ဈေးပွဲတော်ထဲကို ကားတစီး အရှိန်ပြင်းပြင်း မောင်းနှင်တိုက်ခဲ့လို့ လောလောဆယ်အထိ ကလေးငယ်တယောက်အပါအဝင် ၄ ယောက်သေဆုံးပြီး၊ ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ တမင်လုပ်တဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောထားပြီး တိုက်ခိုက်မှုလုပ်ခဲ့သူ အသက် ၅၀ အရွယ် Saudi လူမျိုး ဆရာဝန်အနေနဲ့ ဘာကြောင့် လုပ်ရသလဲဆိုတာကို စုံစမ်းစစ်ဆေးနေစဲ ဖြစ်ပါတယ်။
ဂျာမနီမှာ လွန်ခဲ့တဲ့ ၁၈ နှစ်ထဲက အခြေချနေထိုင်နေတဲ့ Saudi နိုင်ငံသားဟာ ဂျာမနီမှာ တရားဝင် အမြဲတမ်းနေထိုင်ခွင့်နဲ့ နေထိုင်နေသူဖြစ်ပြီး စိတ်ကျန်းမာရေး အထူးကုတယောက် ဖြစ်တယ်လို့ ဂျာမနီသတင်းတွေမှာ ဖော်ပြပါတယ်။
အဲဒီသူရဲ့ လူမှုကွန်ရက်မှာ သူ့ကိုယ်သူ အစ္စလာမ်ဘာသာဝင်ဟောင်းလို့ ဖော်ပြပြောဆိုထားပြီး မွတ်ဆလင် ဆန့်ကျင်ရေးနဲ့ဆိုင်တာတွေကို နေ့စဉ်တင်နေသူ ဖြစ်ပါတယ်။ မွတ်ဆလင်အဖြစ်ကနေ စွန့်လွှတ်သူတွေကိုလည်း ကြိုဆိုဂုဏ်ပြုလေ့ ရှိပါတယ်။ ဥရောပမှာ အစ္စလာမ်ဝါဒ ပြန့်ပွားနေတာကို တိုက်ဖျက်နိုင်ဖို့ ထိထိရောက်ရောက် မလုပ်ဘူးလို့လည်း ဂျာမနီအစိုးရကို သူက စွပ်စွဲထားပါတယ်။
Forum