သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မှာ ဂျာမန် ကုန်သွယ်ရေးရုံးဖွင့်လှစ်


ဂျာမန်သမ္မတ Joachim Gauck
ဂျာမန်သမ္မတ Joachim Gauck
ဂျာမန်ကုန်သည် စက်မှုကိုယ်စားလှယ်အဖွဲ့ မြန်မာပြည် ရုံးခွဲဖွင့်ပွဲကို ရန်ကုန်မြို့ UMFCCI မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှာ ကျင်းပပြုလုပ်သွားရာမှာ ဂျာမန်သမ္မတ Jochim Gauck တက်ရောက်ပြီး၊ ဂျာမနီနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာ စီးပွားရေးအဝန်းအဝိုင်းထဲ ဝင်ရောက်နိုင်အောင် ကူညီဆောင်ရွက်သွားမယ်လို့ ပြောဆိုသွားပါတယ်။ UMFCCI မှာ သတင်းသွားယူခဲ့တဲ့ ရန်ကုန်ရုံးခွဲက ကိုသားညွန့်ဦးက သတင်းပေးပို့ခဲ့ပါတယ်။

ဂျာမနီနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဌ Prof. Dr. Ludwig Georg Braun ဦးဆောင်တဲ့ ဂျာမန် စီးပွားရေးလုပ်ငန်းရှင် ၁၅၀ ကျော်နဲ့ မြန်မာနိုင်ငံက UMFCCI ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်က စီးပွားရေးလုပ်ငန်းရှင် ၂၀၀ ခန့် ဆွေးနွေးနေကြတဲ့ ပထမအကြိမ် မြန်မာ-ဂျာမနီ စီးပွားရေးဖိုရမ်မှာပဲ ဒီကနေ့ အခုလို ဂျာမန်ကုန်သည်ကြီးများ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်မှုကို ကျင်းပခဲ့ကြတာပါ။

ဂျာမနီနိုင်ငံကဆိုရင် စီးပွားရေးနယ်ပယ်အသီးသီးက SME ခေါ်တဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်တွေပါဝင်သလို၊ နိုင်ငံတကာအထိ ဈေးကွက်ယူထားတဲ့ ကုမ္ပဏီကြီးတွေက ကိုယ်စားလှယ်တွေပါ ပါဝင်ပါတယ်။ မြန်မာနိုင်ငံက UMFCCI နဲ့ ဂျာမနီကုန်သည် စက်မှုအသင်းချုပ် DIHK တို့အကြားမှာလည်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာကိုလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု အခြေအနေတွေ စီးပွားရေး အလားအလာတွေ ကို မြန်မာဘက်က စီးပွားရေးပညာရှင်တွေနဲ့ မြန်မာလုပ်ငန်းရှင်တွေက ရှင်းလင်း တင်ပြမှုတွေ လုပ်ခဲ့ပါတယ်။ နေ့လည်ပိုင်းမှာလုပ်တဲ့ ဂျာမနီကုန်သည်ကြီးများ ကိုယ်စားလှယ်အဖွဲ့ရုံး ဖွင့်လှစ်မှုအခမ်းအနားကိုတော့ မြန်မာနိုင်ငံရောက်နေတဲ့ ဂျာမနီသမ္မတ Jochim Gauck တက်ရောက်ပြီး မိန့်ခွန်းပြောပါတယ်။

“သဘာဝအရင်းအမြစ်ကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ အခုအချိန် ဂျာမန်စီးပွားရေး လုပ်ငန်းရှင်တွေအတွက် ဝင်ရောက်ရင်းနှီးလုပ်ကိုင်နိုင်ဖို့ အခွင့်အလမ်းကောင်းတွေ ပေါ်လာပြီဖြစ်သလို၊ တဘက်မှာ မြန်မာနိုင်ငံကို
နိုင်ငံတကာ စီးပွားရေးအဝန်းအဝိုင်းထဲ ဝင်နိုင်အောင် ဂျာမနီနိုင်ငံအနေနဲ့ ကူညီဆောင်ရွက်သွားဖို့ ရည်ရွယ်ထားတယ်ဆိုပြီး ဂျာမနီစီးပွားရေးလုပ်ငန်း ရှင်တွေကို ဂျာမန်သမ္မတက ပြောကြားသွာတာပါ။"

UMFCCI မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ ဥက္ကဌဖြစ်တဲ့ ဦးဝင်းအောင်ကလည်း ဂျာမနီနိုင်ငံက အခုလို ကုန်သည်ကြီးများ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်တဲ့အပေါ်မှာ သူတို့ဘက်ကလည်း အကူအညီ ပေးသွားမယ်ဆိုတဲ့အကြောင်း ပြောပါတယ်။

“ဂျာမန်သမ္မတအနေနဲ့ အခုလို အရေးပါတဲ့ ရုံးခွဲဖွင့်လှစ်မှုကို တက်ရောက်ပြီး ဖွင့်လှစ်ပေးတာ ဂုဏ်ယူဝမ်းမြောက်တဲ့အကြောင်းနဲ့ ဂျာမနီနဲ့ မြန်မာအကြား ရှိပြီးသား အပြန်အလှန် စီးပွားရေးဆက်ဆံမှုတွေ ပိုပြီး တိုးတက်ခိုင်မာလာဖို့ ဝန်ဆောင် ကူညီသွားမယ်ဆိုတာ အာမခံပေးပါတယ်ဆိုပြီး ဦးဝင်းအောင်က ပြောသွားတာပါ။”

နှစ်ဘက် သဘောတူညီချက်အရ မြန်မာနိုင်ငံမှာ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေအတွက် သင်တန်းတွေ ပေးသွားမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံတွင်း ပုဂ္ဂလိကလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့နဲ့ မြန်မာဈေးကွက် ခိုင်မာအားကောင်းလာဖို့ကို ဂျာမနီလုပ်ငန်းရှင်တွေဘက်ကလည်း ကူညီဆောင်ရွက်သွားမယ်ဆိုတာ ပါဝင်ပါတယ်။

နှစ်ဘက် အကျိုးတူ ပူးတွဲဆောင်ရွက်ကြတဲ့အခါ အပြန်အလှန် ယုံကြည်မှုရှိဖို့ အပြန်အလှန် အကျိုးအမြတ်ဖြစ်စေဖို့ စီးပွားရေးမိတ်ဖက်အဖြစ် လုပ်ကိုင်ဆောင်ရွက်သွားမယ်ဆိုတာကိုလည်း Forum ရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး လူမှုတည်ငြိမ်မှုတွေ ဖြစ်လာစေဖို့ ဆိုရင် နိုင်ငံခြားက တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေဟာ အရေးကြီးတဲ့အချက် ဖြစ်တယ်ဆိုတာကိုလည်း ဖော်ပြထားပါတယ်။ တချိန်တည်းမှာ မြန်မာနိုင်ငံတွင်း စီးပွားရေး အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးလာဖို့နဲ့ လျှပ်စစ်ဓါတ်အား ရရှိရေး ကိစ္စရပ်တွေမှာလည်း ဂျာမနီကုန်သည်ကြီးများအသင်းချုပ်က ကူညီဆောင်ရွက်ပေးလိုကြောင်း
ဖော်ပြခဲ့ပါတယ်။

ဂျာမနီသမ္မတကတော့ ညနေပိုင်းမှာ ရန်ကုန်မှာ ဂိုသေး ဂျာမနီယဉ်ကျေးမှုဌာန ဖွင့်ပွဲကိုလည်း တတ်ရောက်ခဲ့ပါတယ်။ မနက်ပိုင်းတုန်းကတော့ ဧရာဝတီမြစ်ကြောတလျှောက်မှာ လှည့်လည်ပြီး ဆေးကုသပေးနိုင်မယ့် ဂျာမနီဆေးကုသင်္ဘော မြန်မာနိုင်ငံကို လှူတဲ့အခမ်းအနားကိုတော့ သမ္မတရဲ့ကတော်က ဦးဆောင် တတ်ရောက်ခဲ့ပါတယ်။
XS
SM
MD
LG