သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီသမ္မတ မြန်မာနိုင်ငံလာမည်


ဂျာမနီ သမ္မတ Joachim Gauck
ဂျာမနီ သမ္မတ Joachim Gauck
မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်နဲ့ ဂျာမနီ သမ္မတ ရိုအာဟင်းမ် ဂေါ့(က်) ရှေ့သီတင်းပတ်ထဲ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် လာရောက်ဖို့ရှိတဲ့အကြောင်း ဂျာမနီအစိုးရရဲ့ ပြောဆိုမှုကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဂျာမနီသမ္မတ ဦးဆောင်ပြီး အစိုးရဝန်ကြီးအဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တွေနဲ့ စီးပွားရေးခေါင်းဆောင်တွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ မြန်မာနိုင်ငံကို ရောက်ရှိလာမှာ ဖြစ်ပြီး ဂျာမဏီ - မြန်မာ စီးပွားရေးဖိုရမ်ကို တက်ရောက်ဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

ခရီးစဉ်တွင်း ဘယ်သူတွေနဲ့ တွေ့ဆုံဖို့ ရှိတယ် ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ ၂၀၁၂ ခုနှစ်တုန်းကတော့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Guido Westerwelle မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့ဖူးသလို၊ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရ အရာရှိတွေအပြင်၊ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံသွားခဲ့ပါတယ်။ မြန်မာအပေါ် အီးယူ ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေ လျှော့ပေါ့ပေးခဲ့ချိန်ကစလို့၊ ဂျာမနီ နိုင်ငံဟာ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီတွေ အများအပြား ပေးလာခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ဂျာမနီ သမ္မတ ရိုအာဟင်းမ် ဂေါ့က် (Joachim Gauck) ဟာ လောလောဆယ်မှာတော့ အိန္ဒိယနိုင်ငံကို ရောက်ရှိနေပါတယ်။ အိန္ဒိယ ဝန်ကြီးချုပ် Manmohan Singh နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြင့်တည်ဆောက်သွားဖို့ နဲ့ နှစ်နိုင်ငံကြား စီးပွားရေးမှာ အဓိကကျတဲ့ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲကြသလို၊ ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ နှစ်နိုင်ငံ စီးပွား ဆက်ဆံရေး ခိုင်မာအောင် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်တဲ့တချိန်တည်းမှာ၊ ပညာရေး၊ သိပ္ပနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားဖို့လည်း ဂျာမနီသမ္မတ ရိုအာဟင်းမ် ဂေါ့(က်) က မျှော်လင့်ထားပါတယ်။

မစ္စတာ ဂေါ့(က်) နဲ့အဖွဲ့ဟာ အိန္ဒိယရဲ့ ဖခင်ကြီး Mahatma Gandhi ရဲ့ ဂူဗိမာန်ရှိရာကိုလည်း သွားရောက်ခဲ့ပြီး ပန်းခွေချ ဂါရဝါပြုခဲ့ကြပါတယ်။ ဥရောပမှာ ဂျာမနီနိုင်ငံဟာ အိန္ဒိယရဲ့ အကြီးမားဆုံး ကုန်သွယ်ရေး လက်တွဲဖက် ဖြစ်သလို၊ နိုင်ငံတကာကိစ္စရပ်တွေမှာ လည်း အနီးကပ် ပူးပေါင်းဆောင်ရွက်လာခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။
XS
SM
MD
LG