ပြင်သစ်နိုင်ငံက Alps တောင်တန်းပေါ်မှာ Germanwings လေကြောင်းလိုင်းက ခရီးသည်တင် လေယာဉ် ပျက်ကျခဲ့တာဟာ တွဲဖက်လေယာဉ်မှူးက တမင်သက်သက် လုပ်ခဲ့ တာကြောင့်လို့ ပြင်သစ် အစိုးရရှေ့နေတဦးက ပြောဆိုလိုက်ပါတယ်။ အသက် ၂၈ နှစ် အရွယ် တွဲဖက်လေယာဉ်မှူး Andreas Lubitz ဟာ လေယာဉ်မှူး စက်ခန်းထဲ ပြန်မဝင်နိုင်အောင် တံခါးကိုသော့ပိတ်ထားပြီး၊ Airbus A320 လေယာဉ်ကို တယောက်တည်း မောင်းခဲ့တဲ့အကြောင်း အစိုးရရှေ့နေ Brice Robin က ပြောဆိုခဲ့တာပါ။
ဒီနောက်မှာတော့ တွဲဖက်လေယာဉ်မှူးဟာ လေယာဉ်ကို အနိမ့်ပိုင်းဆင်းသက်ခဲ့ပြီး၊ တနာရီကို မိုင် ၄၃၀ ကျော်နှုန်းနဲ့ ပျံသန်းလာရာက ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ လူသူမနီးတဲ့ ရေခဲတောင်ဒေသမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ လိုက်ပါလာသူ ၁၅၀ စလုံးလည်း သေဆုံးခဲ့တာပါ။ လေယာဉ်ကို အနိမ့်ပိုင်းအထိ ရောက်ဖို့ဆိုတာဟာ တမင်သက်သက် လုပ်မှသာ ဖြစ်နိုင်ပြီး၊ စုံစမ်းမှုတွေအရ တမင်လုပ်တယ် ဆိုတာကိုလည်း တွေ့ရတဲ့အကြောင်း အစိုးရရှေ့နေက ပြောပါတယ်။
အကြမ်းဖက်မှုလို့ ယူဆနိုင်တဲ့ လက္ခဏာ မတွေ့ရပေမဲ့ တွဲဖက်လေယာဉ်မှူးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုံစမ်းပြီးမှသာ အတိအကျ ပြောနိုင်မယ် လို့လည်း ဆိုပါတယ်။ လေယာဉ်စက်ခန်းထဲက အသံနဲ့ မှတ်တမ်းတင်ထားတဲ့ Black Box စက်ထဲက ပျက်မကျခင် နောက်ဆုံးအချိန်က အသံတွေကို စုံစမ်းစစ်ဆေးသူတွေ နားထောင်ကြည့်ရာမှာတော့ လေယာဉ်စက်ခန်းထဲ ပြန်ဝင်ဖို့ ကြိုးစားတဲ့ လေယာဉ်မှူး က တံခါးကို အကြိမ်ကြိမ်ထုတဲ့ အသံတွေကို ကြားခဲ့ကြရတာပါ။ ဒါပေမဲ့ တွဲဖက်လေယာဉ်မှူးဟာ တံခါးကို ဖွင့်မပေးပဲ လေကြောင်း ထိန်းသိမ်းရေး စခန်းကိုလည်း မဆက်သွယ်ဘူး လို့လည်း ပြောပါတယ်။
ပျက်ကျကာနီး အချိန်ကျမှ ခရီးသည်တွေရဲ့ အထိတ်တလန့် အော်ဟစ်သံတွေကို ကြားခဲ့ရတဲ့ အတွက်လည်း ရုတ်တရက် အသက်ပျောက်ခဲ့ကြပုံ ရတယ်လို့ အစိုးရရှေ့နေက ပြောပါတယ်။