(Zawgyi / Unicode)
ဂျာမနီအနောက်ပိုင်းနဲ့ ဘယ်လ်ဂျီယံမှာ မိုးအကြီးအကျယ်ရွာသွန်းပြီး ရေကြီးတဲ့အတွက် အိမ်တွေပြိုပြီး လမ်းတွေ ဓာတ်အားလိုင်းတွေ ပျက်စီးခဲ့ရသလို သေဆုံးရသူဟာ စနေနေ့အထိဆို ၁၆၈ ယောက်ရှိနေပြီ ဖြစ်ပါတယ်။
ဂျာမနီမှာတော့ ရေကြီးမှုကြောင့် သေဆုံးရသူ ၁၄၁ ယောက်ရှိနေပြီး ဒါဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း အဆိုးဝါးဆုံး သဘာဝဘေး ခံရတာဖြစ်ပါတယ်။
Cologne မြို့တောင်ဘက် Ahrweiler ရပ်ကွက်မှာတင် သေဆုံးရသူက ၉၈ ယောက်ရှိနေတယ်လို့ ရဲက ပြောပါတယ်။ ရာနဲ့ချီ ပျောက်ဆုံးနေဆဲဖြစ်ပြီး တချို့နေရာတွေမှာ ရေလွှမ်းနေလို့ အသွားအလာ မလုပ်နိုင်ဘဲ အဆက်အသွယ် ပြတ်နေတာပါ။
ဂျာမနီသမ္မတ Frank-Walter Steinmeier ကတော့ လူပေါင်း ၄၀ ထက်မနည်း သေဆုံးခဲ့ရတဲ့ North Rhine-Westphalia ပြည်နယ်ကို သွားရောက် အားပေးစကား ပြောကြားခဲ့ပါတယ်။ Cologne မြို့နားက ရေကာတာတခု ကျိုးပေါက်သွားတဲ့အတွက် ဒေသခံ ၇၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံ အရှေ့ပိုင်းမှာလည်း ရေကြီးမှုကြောင့် သေဆုံးရသူ ၂၇ ယောက်ရှိနေပြီလို့ ဒေသတွင်း ကယ်ဆယ်ကူညီရေး လုပ်နေသူတွေနဲ့ လက်တွဲဆောင်ရွက်နေတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ပြောပါတယ်။ လူပေါင်း ၁၀၀ ကျော်ကတော့ ပျောက်ဆုံးနေတာ ဒါမှမဟုတ် အဆက်အသွယ်မရဘဲ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။
အိမ်နီးချင်း နယ်သာလန်နိုင်ငံမှာလည်း မြစ်ချောင်းတွေ စိုးရိမ်ရေမှတ် ကျော်နေတာကြောင့် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
----------------------
(Unicode)
ဂြာမနီနဲ့ ဘယျလျဂြီယံ ရကွေီးမှု သဆေုံးသူ ၁၆၀ ကြောျပွီ