သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်တဲ့ တရားစီရင်ပိုင်ခွင့် ရှိဖို့ ဒေါ်စု ပြော


လွတ်လပ်တဲ့ တရားစီရင်ပိုင်ခွင့် ရှိဖို့ ဒေါ်စု ပြော
လွတ်လပ်တဲ့ တရားစီရင်ပိုင်ခွင့် ရှိဖို့ ဒေါ်စု ပြော

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက် ကောင်းမွန်လာဖို့ ဆိုရင် လွတ်လပ်တဲ့ တရားစီရင်ပိုင်ခွင့်ရှိဖို့ လိုအပ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဂျာမန် လူ့အခွင့်အရေး မူဝါဒနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကော်မရှင်နာ မင်းကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံချိန်မှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

ဂျာမန် လူ့အခွင့်အရေး မူဝါဒနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကော်မရှင်နာမင်းကြီး မာကပ်စ် လွန်းနင်း (Markus Loning) ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ ဦးဟန်သာမြင့်တို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာပဲ ဒီမနက် တွေ့ဆုံခဲ့ကြတာပါ။

အဲဒီလို တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာ ဆွေးနွေးဖြစ်ခဲ့တဲ့အကြောင်း ဂျာမန် လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး မားကပ်စ်က ပြောပြခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေ၊ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတော်သစ်ဆီကို ဦးတည် လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံမှာ ဒီလို လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာစေဖို့ ဆိုရင် လွတ်လပ်တဲ့ တရားစီရင်ပိုင်ခွင့် ရှိဖို့ လိုအပ်တဲ့အကြောင်း၊ ဒီကိစ္စကိုလည်း သမ္မတ ဦးသိန်းစိန်ဆီကို စာပေးပို့ခဲ့ကြောင်း ရှင်းပြခဲ့တယ်လို့ တွေ့ဆုံမှုမှာ ပါဝင်တဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောဆိုခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ရှင်းပြခဲ့တယ်။ ရှင်းပြခဲ့တာ ဘာလဲဆိုတော့ လူ့အခွင့်အရေးဆိုတဲ့ နေရာမှာ အရေးအကြီးဆုံးက၊ အားလုံးကို အချုပ်အကိုင် ဖြစ်နေတာက လွတ်လပ်တဲ့ တရားစီရင်မှုပဲ။ အဲဒီလို လွတ်လပ်တဲ့ တရားစီရင်မှုတွေ ရနိုင်ဖို့နဲ့ ပတ်သက်ပြီးတော့ အဖွဲ့ချုပ်ကလည်း နိုင်ငံတော် သမ္မတဆီကို လိုအပ်တဲ့ အရေးကြီးတဲ့ အချက်ကို တင်ပြခဲ့ဖူးတယ်။ အဲဒီလို တင်ပြခဲ့ပေမဲ့ ဘာမှ အကြောင်းပြန်လာတာ မရှိသေးဘူးဆိုတဲ့ ကိစ္စ သူ့ကိုလည်း ပြောပြခဲ့ပါတယ်။”

အခုလဆန်းပိုင်းကပဲ ဂျာမန်ဝန်ကြီးချုပ် အန်ဂျလာ မာကဲလ် (Angela Merkel) ကလည်း International Forum နိုင်ငံတကာ တွေ့ဆုံဆွေးနွေးပွဲမှာ မြန်မာအစိုးရ အနေနဲ့ အာဆီယံ ဥက္ကဋ္ဌတာဝန် ယူခွင့်မရခင်မှာ လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ပြဿနာတွေကို တိုးတက်အောင် လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ ဒါ့အပြင် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူလိုတဲ့ကိစ္စ သူ့အနေနဲ့ အတော်လေး စိုးရိမ်မိကြောင်းနဲ့ မြန်မာအစိုးရသစ် အနေနဲ့ လူ့အခွင့်အရေး တိုးတက်ဖို့နဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို ရှေ့ဆက် လုပ်ဆောင်ဖို့ကို အပြောရော အလုပ်နဲ့ပါ အလေးအနက်ထား သက်သေပြဖို့ လိုတယ်လို့ ဂျာမန်ဝန်ကြီးချုပ်က တောင်းဆိုခဲ့ပါတယ်။

တခါ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်လို့လည်း ဂျာမန် လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီးကို အခုလို ပြောခဲ့ပါသေးတယ်။

“Sanction တွေ မရုပ်သိမ်းသင့်သေးဘူးလို့ အဲဒီလို တည့်တည့်ကြီး အဖြေပေးတာမျိုး မရှိဘူး။ Sanction ဟာ ဘာဖြစ်လို့ ဖြစ်တယ်၊ ဘာတွေ ပြောင်းလဲမှု၊ ဘယ်လို ဆောင်ရွက်သင့်တယ်၊ ဘယ်လို စဉ်းစားသင့်တယ် ဆိုတာကိုပဲ ဆွေးနွေးတာ။ ဒါက တချက်ပေါ့။ နောက်တခုက EU အဖွဲ့ထဲမှာ တချု့ိနိုင်ငံတွေက ပျော့တယ်တို့ ဘာတို့၊ ဒီလို ပြောကြတယ်ပေါ့။ သို့သော် ဒါ ဝေဖန်တာက အရေးမကြီးဘူး။ တကယ်တမ်း ထိရောက်တဲ့ Sanction ဖြစ်ဖို့ လိုတယ်လို့ ကျနော်တို့ အဲဒီလို ပြောခဲ့ပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော်ကြာ စစ်အုပ်ချုပ်မှု အောက်ကနေ အရပ်သား အစိုးရ အုပ်ချုပ်မှုကို ပြောင်းလဲတာဟာ ကြီးမားတဲ့ အပြောင်းအလဲဖြစ်ပြီး ဒါပေမဲ့ အမှန်တကယ် အပြောင်းအလဲဖြစ်ဖို့ လိုအပ်ကြောင်းကိုလည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဂျာမန် လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီးကို ရှင်းပြခဲ့ကြောင်း အခုလို ဆက်ပြောခဲ့ပါတယ်။

“အစိုးရ အပြောင်းအလဲ ဆိုတာက တကယ့် အပြောင်းအလဲ ဖြစ်သလားဆိုတာ သတိကြီးစွာနဲ့ စောင့်ကြည့်နေရတယ်။ အဲတော့ အပြောင်းအလဲ ဆိုတာကိုလည်း၊ ကြီးမားတဲ့ အပြောင်းအလဲဆိုတာ ဒီနေ့ မနက်ဖြန် မဖြစ်နိုင်ဘူး ဆိုတာကိုလည်း ကျနော်တို့ သဘောပေါက်တယ်။ သို့သော် အမှန်တကယ် အပြောင်းအလဲ ဖြစ်ဖို့တော့ လိုတယ်။ အမှန်တကယ် အပြောင်းအလဲ ဖြစ်မှသာ ရှေ့ မြန်မာနိုင်ငံရဲ့ အရေးတွေက တိုးတက်မှုရှိမယ်။ ဒါကို ဆွေးနွေးပါတယ်။”

ဒီကနေ့ တွေ့ဆုံမှုမှာ ပါဝင်တဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG