သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမဏီ လွှတ်တော် ရွေးကောက်ပွဲ ကျင်းပ


ဂျာမန်လွှတ်တော်ရွေးကောက်ပွဲမှာ နိုင်ခြေရှိနေတဲ့ လက်ရှိဝန်ကြီးချုပ် Angela Merkel (လယ်)။
ဂျာမန်လွှတ်တော်ရွေးကောက်ပွဲမှာ နိုင်ခြေရှိနေတဲ့ လက်ရှိဝန်ကြီးချုပ် Angela Merkel (လယ်)။
ဂျာမဏီနိုင်ငံမှာ လွှတ်တော်ရွေးကောက်ပွဲတွေကို ဒီကနေ့ တနင်္ဂနွေမှာ ကျင်းပမှာဖြစ်ပြီး လက်ရှိဝန်ကြီးချုပ် အန်ဂလာ မာကယ်လ်က တတိယသက်တမ်းအတွက် အနိုင်ရမယ့်ပုံရှိနေပါတယ်။

မစ္စစ် မာကယ်လ်က စနေနေ့ကတော့ နောက်ဆုံးပိတ် မဲဆွယ်မှုတွေ တွန်းပြီး လုပ်ဆောင်ခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့ ဗဟိုလက်ယာယိမ်း ညွန့်ပေါင်းအဖွဲ့နဲ့ လက်ဝဲဝါဒီ အတိုက်အခံတို့ကြား မဲအများစုရရှိရေး ယှဉ်ပြိုင်မှုက အကြိတ်အနယ် ဖြစ်ရနိုင်ပါတယ်။

သဘောထားစစ်တမ်း ကောက်ယူချက်တွေအရ မစ္စစ်မာကယ်လ်ရဲ့ သမားရိုးကျဝါဒီ ဒီမိုကရက်တစ်ပါတီက မဲအများစုကို ပြတ်ပြတ်သားသားရဖို့ နည်းနည်းလိုအပ်နေတဲ့ပုံတွေ့ရပြီး လက်ရှိညွန့်ပေါင်း မဟာမိတ်တွေဖြစ်တဲ့ Free Democrat ပါတီကလည်း အမတ်နေရာတွေ ဆုံးရှုံးရမယ့်ပုံတွေ့ရပါတယ်။

တကယ်လို့သာ အဲ့ဒီ့အတိုင်းဖြစ်လာခဲ့ရင် ဝန်ကြီးချုပ်မာကယ်လ်က သူ့ရဲ့ယှဉ်ပြိုင်ဖက် လက်ဝဲဝါဒီ ဆိုရှယ်ဒီမိုကရက်တွေနဲ့ ပူးပေါင်းပြီး လက်ဝဲ၊ လက်ယာနှစ်ဖက်ပါဝင်တဲ့ ညွန့်ပေါင်းအဖွဲ့ ဖွဲ့ရနိုင်ပါတယ်။ ဒါပေမဲ့ ဆိုရှယ်ဒီမိုကရက်တွေကသာ အမတ်နေရာအများအပြား အနိုင်ရမယ်ဆိုရင်တော့ သူတို့က Greens Party နဲ့ ညွန့်ပေါင်းဖွဲ့ပြီး မစ္စစ်မာကယ်လ်ကို ရာထူးက ဖယ်ထုတ်နိုင်ပါတယ်။

ဥရောပတလွှားက ဒီရွေးကောက်ပွဲကို စောင့်ကြည့်နေကြပြီးတော့ အထူးသဖြင့် ဥရောပ တောင်ပိုင်း ဂရိနိုင်ငံက ဂျာမဏီနိုင်ငံဟာ ဥရောပသမဂ္ဂကို စီးပွားရေးပျက်ကပ်ထဲ တွန်းပို့တဲ့ နိုင်ငံအဖြစ် ယူဆပြီး ဒါဟာ မစ္စစ်မာကယ်လ်ရဲ့အပြစ်လို့ လက်ညှိုးထိုးသူအမြောက်အများလည်း ရှိပါတယ်။

မဖြစ်နိုင်တဲ့ အသုံးစားရိတ်လျော့ချမှု ပမာဏတွေ အဆိုပြုပြီးတော့ ဥရောပသမဂ္ဂရဲ့ တောင်ပိုင်းနိုင်ငံတွေမှာ စီးပွားရေးဖွံ့ဖြိုးမှု အကျပ်အတည်းဖြစ်အောင် မစ္စစ်မာကယ်လ်က လုပ်ဆောင်ခဲ့တယ်လို့ ဆိုရှယ်ဒီမိုကရက်ပါတီ ဝန်ကြီးချုပ်လောင်းက ဝေဖန်ပါတယ်။
XS
SM
MD
LG