သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမန်သမ္မတ မြန်မာနိုင်ငံခရီးစဉ်စတင်


ဂျာမနီသမ္မတ Joachim Gauck (ယာ) ရွှေတိဂုံဂေါပကအဖွဲ့နှင့်တွေ့ဆုံစဉ်။ (ဖေဖော်ဝါရီလ ၉၊ ၂၀၁၄)
ဂျာမနီသမ္မတ Joachim Gauck (ယာ) ရွှေတိဂုံဂေါပကအဖွဲ့နှင့်တွေ့ဆုံစဉ်။ (ဖေဖော်ဝါရီလ ၉၊ ၂၀၁၄)
မြန်မာနိုင်ငံကို အစိုးရဧည့်သည်တော်အဖြစ်နဲ့ ၃ ရက်ကြာ အလည်ခရီး လာရောက်တဲ့ ဂျာမနီသမ္မတ Joachim Gauck ဟာ တနင်္ဂနွေနေ့မှာ ရောက်ရှိလာပြီဖြစ်ပါတယ်။ သမ္မတ Gauck ဟာ ရွှေတိဂုံဘုရားကို သွားရောက်ခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ဖိတ်ကြားချက်နဲ့လာရောက်တဲ့ ဂျာမနီသမ္မတ Gauck ဟာ သမ္မတဦးသိန်းစိန်နဲ့ရော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ပါ တွေ့ဆုံဖို့ ရှိပါတယ်။ ဒါ့အပြင် အင်္ဂါနေ့မပြန်ခင်မှာ ရန်ကုန် တက္ကသိုလ်မှာလည်း မိန့်ခွန်းပြောကြားဖို့ စီစဉ်ထားပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ရဲရဲဝံ့ဝံ့ လျှော်လှမ်းလာတာ တွေ့ရတဲ့အတွက် ချီးကျူးကြောင်း ရွှေတိဂုံဘုရားသွားဖူးစဉ်မှာ ပြောကြားခဲ့ပြီး တိုးတက်မှုတွေ တွေ့နေရတဲ့အတွက် ဂျာမနီနိုင်ငံက အမေရိကန်ဒေါ်လာ ၆၈၂ သန်းနဲ့ ညီမျှတဲ့ ယူရိုငွေ သန်း ၅၀၀ ဖိုး အကြွေးလျှော်ပစ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောကြားခဲ့ကြောင်း DPA သတင်းမှာဖေါ်ပြထားပါတယ်။

၁၉၈၆ ခုနှစ်ကစပြီး ဂျာမနီသမ္မတအနေနဲ့ ပထမဆုံး လာရောက်ခဲ့တဲ့ ဒီခရီးစဉ် အတွင်း တနင်္လာနေ့မှာ အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပြီး တနင်္လာနေ့မှာပဲ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမှာဖြစ်သလို Goethe Institut လို့ခေါ်တဲ့ ဂျာမနီယဉ်ကျေးမှုမြှင့်တင်ရေး ဌာန တခုဖွင့်လှစ်ဖို့ပါ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဂျာမနီသမ္မတ ဦးဆောင်ပြီး အစိုးရဝန်ကြီးအဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တွေနဲ့ စီးပွားရေးခေါင်းဆောင်တွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဂျာမနီ - မြန်မာ စီးပွားရေးဖိုရမ်ကိုလည်း တက်ရောက်ဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

မြန်မာအပေါ် အီးယူဥရောပသမဂ္ဂရဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ လျှော့ပေါ့ပေးခဲ့ချိန်ကစပြီး ဂျာမနီဟာ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အကူအညီတွေ အများအပြားပေးလာခဲ့တဲ့ နိုင်ငံတနိုင်ငံလည်းဖြစ်ပါတယ်။

ဂျာမနီသမ္မတဟာ မြန်မာနိုင်ငံကို မလာရောက်ခင် အိန္ဒိယနိုင်ငံကို ၆ ရက်ကြာ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG