သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီသမ္မတနဲ့ဒေါ်စု မြန်မာ့အရေးဆွးနွေး


မြန်မာပြည်ကို ချစ်ကြည်ရေးခရီးရောက်နေတဲ့ ဂျာမနီသမ္မတ Joachim Gauck (ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄)
မြန်မာပြည်ကို ချစ်ကြည်ရေးခရီးရောက်နေတဲ့ ဂျာမနီသမ္မတ Joachim Gauck (ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄)
ဂျာမနီသမ္မတ Joachim Gauck ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တနင်္လာနေ့က တွေ့ဆုံခဲ့ပြီးတော့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့တာဖြစ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့စဉ်အတွင်း မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့လည်း အဓိကဆွေးနွေးခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ အေပီသတင်းတပုဒ်ကို အခြေခံပြီး ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ဂျာမနီသမ္မတ Joachim Gauck ဟာ သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ် ဒုတိယနေ့ဖြစ်တဲ့ တနင်္လာနေ့ကတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ဂျာမနီသမ္မတဟာ မြန်မာနိုင်ငံကို ၃ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ်နဲ့ တနင်္ဂနွေနေ့က စတင်ရောက်ရှိနေတာဖြစ်ပါတယ်။

တနင်္လာနေ့အစောပိုင်းတုန်းကတော့ ဂျာမနီသမ္မတဟာ မြန်မာသမ္မတ ဦးသိန်းစိန်အပါအဝင် အစိုးရ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီးတဲ့နောက် ပူးတွဲပြုလုပ်တဲ့သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ အစိုးရတာဝန်ရှိသူတွေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ခရီးစဉ်ဟာ မြန်မာနိုင်ငံက ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေပြီး ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေ တိုးတက်မှုရှိတယ်ဆိုတာကို အသိအမှတ်ပြု လေးစားတယ်ဆိုတာကို ပြသဖို့အတွက် ဖြစ်ပါတယ်ဆိုပြီးတော့ သူက ဂျာမန်ဘာသာနဲ့ ပြောသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တာတွေအနက် အဓိကဆွေးနွေးဖြစ်တဲ့ကိစ္စကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စဖြစ်တယ်လို့ သူက ပြောပါတယ်။

“မြန်မာအစိုးရနဲ့ သမ္မတတို့ရဲ့အမြင်တွေကို နားထောင်ဖို့တင်မကပါဘူး၊ အတိုက်အခံနဲ့ လူထုအခြေပြု၊ လူမှုအဖွဲ့အစည်းတွေရဲ့အမြင်သဘောထားတွေကို နားထောင်ဖို့ကလည်း အင်မတန်ကို အရေးကြီးပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖွဲ့စည်းပုံပါ အချက်အလက် အသေးစိတ်နဲ့ပတ်သက်တဲ့ ပြဿနာတွေကိုလည်း အသေးစိတ်ကို အသေအချာ လေးလေးနက်နက် ဆွေးနွေးတာတွေ လုပ်ခဲ့ပါတယ်။”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ တရားစွဲဆိုမှုတွေ၊ ပြဿနာတွေအမြောက်အများကို အောင်မြင်ကျော်လွှားနိုင်ခဲ့တဲ့ ဂျာမနီနိုင်ငံရဲ့ခေါင်းဆောင်ကို တွေ့ဆုံခွင့်ရတာဟာ ဝမ်းမြောက်အားတက်စရာဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့-

“ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဟာ သိပ်မြန်လွန်းတယ်လို့ ပြောနိုင်မှာ မဟုတ်ပါဘူး။ တကယ်တန်းက နှေးလွန်းရင်သာ အန္တရာယ်ရှိပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ မှန်ကန်တဲ့နည်းလမ်းနဲ့ လမ်းကြောင်းပေါ်မှာ သွားနေသမျှ ကျမတို့အတွက်တော့ သိပ်ကိုစောပြီး မြန်လွန်းတယ်လို့ ပြောနိုင်မှာ မဟုတ်ပါဘူူးရှင့်။”

ဂျာမနီသမ္မတဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် ပြည်ထောင်စုလွှတ်တော်ကိုလည်းသွားရောက်ခဲ့ပြီးတော့ လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဂျာမနီသမ္မတ Joachim Gauck ဟာ မြန်မာနိုင်ငံကနေ မထွက်ခွာခင် ဒီကနေ့ အင်္ဂါနေ့မှာတော့ ရန်ကုန်တက္ကသိုလ်မှာ သွားရောက် မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။
XS
SM
MD
LG