သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးတွေ အုပ်စုလိုက် စော်ကားခံရမှု ဂျာမနီမှာဆန္ဒပြ


ဂျာမနီနိုင်ငံ Cologne မြို့မှာ နှစ်သစ်ကူးအကြိုညက ဖြစ်သွားခဲ့တဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ လုယက်မှုတွေကို ရာနဲ့ချီတဲ့ လက်ယာစွန်း အဖွဲ့ဝင်တွေ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို မြောက်အာဖရိကနဲ့ အာရပ်လူမျိုးတွေက လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေကြောင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေကို တင်းကျပ်စွာ ချမှတ် လုပ်ဆောင်ဖို့ တောင်းဆိုမှုတွေ ထွက်ပေါ်လာပါတယ်။

ရွှေ့ပြောင်းနေထိုင်ခွင့်ပေးတဲ့ ဥပဒေကို ဆန့်ကျင်ကြတဲ့ ရာနဲ့ချီတဲ့ Pegida လှုပ်ရှားမှု အဖွဲ့ဝင်တွေ စနေနေ့က အလံတွေနဲ့ နဖူးစည်း စာတန်းတွေကိုင်ပြီး ချီတက် ဆန္ဒပြခဲ့ကြတဲ့ တချိန်ထဲမှာပဲ သူတို့နဲ့ မလှမ်းမကမ်းမှာ လက်ဝဲယိမ်း အုပ်စုတွေက တန်ပြန် ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ဆန့်ကျင်တဲ့ အုပ်စုတွေကလည်း ချီတက် ဆန္ဒပြပွဲတွေ တချိန်ထဲမှာ ပြုလုပ်ခဲ့ကြပါတယ်။

Cologne မြို့ရဲ့ အဓိက ဘူတာရုံမှာ ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ချထားခဲ့ပြီး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား ထိပ်တိုက်ရင်ဆိုင်မှု အနဲငယ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ခိုလှုံခွင့်လျှောက်ထားပြီး ရာဇဝတ်မှု ကျူးလွန်သူတွေကို လွယ်လွယ်ကူကူ ငြင်းပယ်လို့ရနိုင်မယ့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေသစ်ကို ဂျာမန်ဝန်ကြီးချုပ် Angela Markel က စနေနေ့မှာ အဆိုပြု တင်သွင်းခဲ့ပါတယ်။

နှစ်သစ်ကူးအကြိုညက Cologne မြို့က အဓိက ဘူတာရုံရှေ့မှာ အမျိုးသား တထောင်လောက်က အမျိုးသမီးတွေကို ဝိုင်းထားပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို လုယူတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာ စော်ကားခံရတယ်ဆိုတဲ့ တိုင်ကြားချက် တခုအပါအဝင် ရာဇဝန်မှု ကျူးလွန်ခံရတယ်လို့ တိုင်ကြားသူပေါင်း ၁၇၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG