သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမဏီ၂ နိုင်ငံ ပြန်လည် ပေါင်းစည်းနိုင်ခဲ့တဲ့ အနှစ် ၂၀ ပြည့် အထိမ်းအမှတ် ဆင်နွှဲ


ဂျာမဏီ၂ နိုင်ငံ ပြန်လည် ပေါင်းစည်းနိုင်ခဲ့တဲ့ အနှစ် ၂၀ ပြည့် အထိမ်းအမှတ် ဆင်နွှဲ
ဂျာမဏီ၂ နိုင်ငံ ပြန်လည် ပေါင်းစည်းနိုင်ခဲ့တဲ့ အနှစ် ၂၀ ပြည့် အထိမ်းအမှတ် ဆင်နွှဲ

တခါက အနောက်ဂျာမဏီနဲ့ အရှေ့ဂျာမဏီ နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းပြီး တခုတည်းသော ဂျာမဏီနိုင်ငံ ပြန်လည် တည်ထောင်နိုင်ခဲ့တဲ့ နှစ် ၂၀ မြောက် အထိမ်းအမှတ် ပွဲလမ်းသဘင် အခမ်းအနားတွေကို ဒီကနေ့ ဂျာမဏီနိုင်ငံ တဝန်းမှာ ဆင်နွဲှနေကြပါတယ်။

ကုန်ဆုံးခဲ့တဲ့ နှစ် ၂၀ အတွင်း ပြန်လည်ပေါင်းစည်းခဲ့တဲ့ ဂျာမဏီနိုင်ငံရဲ့ အရှေ့ဘက်ဒေသ တခုလုံးဟာ အပြောင်းအလဲနဲ့ ကိုက်ညီတဲ့ စွမ်းပကားတွေနဲ့ အံ့သြစရာ ကောင်းလှတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ကြတယ်လို့ ဂျာမန်ဝန်ကြီးချုပ် မစ်စ် အိန်ဂျလာ မာကဲလ် (Ms. Angela Merkel) က ဂျာမန်မဂ္ဂဇင်း Super Illu ကို ပြောဆိုခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ အရင်းနှီးဆုံး မဟာမိတ် နိုင်ငံကြီးတွေထဲက တနိုင်ငံဖြစ်တဲ့ ဂျာမဏီနိုင်ငံရဲ့ ပြန်လည် ပေါင်းစည်းနိုင်ခဲ့မှုဟာ သမိုင်းဝင် အောင်မြင်မှုတရပ် ဖြစ်တယ်လို့ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပြီးတော့ ဒီအောင်ပွဲဟာ ဥရောပ တတိုက်လုံးနဲ့ တကမ္ဘာလုံးမှာပါ မကြုံစဘူး ထူးကဲတဲ့ လွတ်မြောက်မှုတွေအတွက် လမ်းဖွင့်ပေးခဲ့တဲ့ တံခါးပေါက်လည်း ဖြစ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ခဲ့တဲ့ သမ္မတ အိုဘားမားရဲ့ ကြေညာချက်မှာ ချီးကျူး ရေးသားထားပါတယ်။

ရုရှားသမ္မတ ဒီမီထရီ မက်ဒ်ဗီဒက်ဗ် (Dmitry Medvedev) ကလည်း ဂျာမဏီနှစ်နိုင်ငံ ပြန်လည် ပေါင်းစည်းနိုင်ခဲ့ခြင်းက ရုရှားနဲ့ ဂျာမဏီ နှစ်နိုင်ငံကြားက မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တရပ်ရဲ့ အခြေခံ အုတ်မြစ်ကို ဖြစ်ပေါ်စေခဲ့တယ်လို့ ချီးကျူး ပြောဆိုလိုက်ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးမှာ ဂျာမဏီနိုင်ငံ စစ်ရှုံးခဲ့ပြီးတဲ့နောက် ဂျာမဏီဟာ အနောက်အုပ်စုကို လိုလားတဲ့ အနောက်ဂျာမဏီနဲ့ ကွန်မြူနစ် ဆိုဗီယက် ယူနီယံကို လိုလားတဲ့ အရှေ့ဂျာမဏီဆိုပြီး နှစ်နိုင်ငံ ကွဲထွက်ခဲ့ရာက ၁၉၉၀ ခုနှစ်မှာ နှစ်နိုင်ငံ ပြန်လည် ပေါင်းစည်းနိုင်ခဲ့ပါတယ်။

အခုလို ဂျာမဏီနှစ်နိုင်ငံ ပြန်လည် ပေါင်းစည်းနိုင်ခဲ့မှုကြောင့် ဂျာမဏီနိုင်ငံ အရှေ့ဘက်ခြမ်းက ပြည်သူတွေရဲ့ နေ့စဉ်ဘ၀ လုပ်ငန်းဆောင်တာတွေမှာ ဈေးဝယ်တာကနေ ဗျူရိုကရေစီ လုပ်ငန်းတွေအထိ သွင်ပြင်လက္ခဏာတိုင်းမှာ လုံးဝဥဿုံ ပြောင်းပြန်လှန်လိုက်သလို တိုးတက်ကောင်းမွန် ပြောင်းလဲသွားစေခဲ့တယ်လို့လည်း ဂျာမန်ဝန်ကြီးချုပ် မစ်စ် မာကဲလ်က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG