သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ချေမှုန်းရေး စစ်ရေး အကူအညီပေးဖို့ ဂျာမဏီ လွှတ်တော် အတည်ပြု


ဂျာမန်လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်။ (ဒီဇင်ဘာ ၄၊ ၂၀၁၅)
ဂျာမန်လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်။ (ဒီဇင်ဘာ ၄၊ ၂၀၁၅)

ဆီးရီးယား နိုင်ငံက IS စစ်သွေးကြွတွေကို ချေမှုန်းရာမှာ စစ်ဘက်ဆိုင်ရာ အကူအညီတွေ ပေးအပ်သွားဖို့ ဂျာမနီလွှတ်တော်က တခဲနက် မဲခွဲဆုံးဖြတ် လိုက်ပါတယ်။ ပြီးခဲ့တဲ့လထဲ ပဲရစ်မြို့မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ကြုံခဲ့ရပြီးနောက် ပြင်သစ်နိုင်ငံက အကူအညီပေးဖို့ ပန်ကြားချက်ကို တုံ့ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

IS စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ ညွန့်ပေါင်း တပ်ဖွဲ့တွေအတွက် ဖရီးဂိတ် စစ်သင်္ဘော တစင်း၊ လောင်စာဖြည့်ပေးမယ့် လေယာဉ်တစင်း၊ Tornado ထောက်လှမ်းရေး ဂျက် တိုက်လေယာဉ်တွေနဲ့ စစ်သည် ၁၂၀၀ အထိ စေလွှတ် ဖို့ ဂျာမန်လွှတ်တော်မှာ ထောက်ခံမဲ ၄၄၅ မဲ၊ ကန့်ကွက်မဲ ၁၄၆ မဲနဲ့ ဒီကနေ့ပဲ အတည်ပြုလိုက်တာပါ။

နိုဝင်ဘာလ ၁၃ ရက်နေ့က ပဲရစ်မြို့မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ကြုံခဲ့ရပြီး နောက်မှာပဲ IS စစ်သွေးကြွအဖွဲ့ကို တိုက်ခိုက်မှုတွေ တိုးမြှင့်ဖို့ ပြင်သစ်သမ္မတ Francois Hollande က နိုင်ငံတကာ အသိုင်းအဝိုင်းကို ပန်ကြားခဲ့တာပါ။

IS အဖွဲ့ကတော့ လူပေါင်း ၁၃၀ လောက်သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တဲ့အကြောင်း ကြေညာထားပါတယ်။ အီရတ်နိုင်ငံက IS စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ ဗြိတိန်နိုင်ငံကလည်း လွှတ်တော်က အတည်ပြုချက် ရခဲ့ပြီးနောက်မှာပဲ ကြာသပတေးနေ့က ဆီးရီးယားနိုင်ငံထဲက ပစ်မှတ်တွေကို တိုက်ခိုက်မယ့် စစ်ဆင်ရေးတွေအတွက် တိုက်လေယာဉ်တွေ ထပ်မံပေးပို့ခဲ့တာပါ။

အမေရိကန် ပြည်ထောင်စုကလည်း ဆီးရီးယားနိုင်ငံထဲက စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ အထူးတပ်ဖွဲ့တွေ စေလွှတ်သွားဖို့ သမ္မတ Barack Obama က သဘောတူထားပါတယ်။

အရေးကြီးတဲ့ စစ်သွေးကြွ အဖွဲ့ဝင်တွေကို ဖမ်းဆီးပြီး ထောက်လှမ်းရေး သတင်းတွေ စုဆောင်းမယ့် အထူးတပ်ဖွဲ့ငယ်တွေ စေလွှတ်မှာ ဖြစ်တယ်လို့လည်း အမေရိကန် အစိုးရတာဝန်ရှိသူတွေက ပြောဆိုပါတယ်။

XS
SM
MD
LG