သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ HIV တိုက်ဖျက်ရေးတိုးမြှင့်ဖို့ ကုလ တိုက်တွန်း


HIV/ AIDS ကူးစက်ခံထားရသူ ဆေးကုသမှုခံယူနေစဉ်။ (သြဂုတ်၊ ၂၀၁၄)
HIV/ AIDS ကူးစက်ခံထားရသူ ဆေးကုသမှုခံယူနေစဉ်။ (သြဂုတ်၊ ၂၀၁၄)

နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့ ကျရောက်တဲ့ ကမ္ဘာ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး နေ့ World AIDS Day အတွက် ကမ္ဘာတလွှား ဆောင်ပုဒ်ကတော့ Getting to Zero - သုညအထိကျဆင်းရေး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း HIV/ AIDS အရေးတုံ့ပြန်ဆောင်ရွက်မှုက သိသိသာသာ တိုးတက်လာပေမယ့် ကူးစက်မှုတွေ ထပ်ပြီး ရှိနေသေးတာကြောင့်မြန်မာ အစိုးရဘက်ကရော နိုင်ငံတကာ အသိုင်းအဝိုင်းကပါ HIV/ AIDS တိုက်ဖျက်ရေးအတွက် တိုးမြှင့်လုပ်ဆောင်ပေးဖို့လိုတယ်လို့ ကုလသမဂ္ဂက တိုက်တွန်း လိုက်ပါတယ်။HIV/ AIDS တိုက်ဖျက်ရေး ဆိုင်ရာ ကုလရုံးရဲ့ မြန်မာဆိုင်ရာ အကြီးအကဲကို မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံမှာ HIV/AIDS ကူးစက်ခံရမှုဟာ ၁၅ နှစ်တာ ကာလအတွင်း သုံးပုံ တပုံလောက် ကျဆင်းသွားပြီး AIDS နဲ့ ဆက်နွှယ်ပြီး သေဆုံးရမှု အရေအတွက်ဟာ ဆိုရင်လည်း ဆယ်စုနှစ် တခုအတွင်းမှာ ထက်ဝက်နီးပါး ကျဆုံးခဲ့တယ်လို့ HIV/ AIDS တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂရုံးက ခန့်မှန်းဖော်ပြလိုက်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ HIV/ AIDS ပြဿနာကနေ ကျော်လွှားနိုင်ဖို့ အတွက်ကတော့ မြန်မာ အစိုးရဘက်မှာရော နိုင်ငံတကာ အကူအညီတွေပါ လိုအပ်နေဆဲ ဖြစ်တယ်လို့ UNAIDS ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ Eamonn Muphy က ပြောပါတယ်။

“မြန်မာနိုင်ငံတွင်း HIV/ AIDS အတွက် နိုင်ငံတကာ အကူအညီတွေက မလုံလောက်ပါဘူး။ မြန်မာ အစိုးရဘက်ကတော့ HIV/ AIDS အရေးပိုပြီး တိုးမြှင့်လုပ်ဆောင်နေပါတယ်။ နိုင်ငံတကာ ဘက်က ပေးထားတဲ့ ကတိကဝတ်တွေ မတည်တာကတော့ စိတ်မကောင်းစရာပါ။ မြန်မာ အစိုးရဘက်က ဖော်ပြလာတဲ့ စားရင်းအချက်အလက်တွေ အရ HIV ကူးစက်ခံရမှု မြင့်လာတာကိုတွေ့ရပါတယ်။ ဒါကြောင့် ဒီအချိန်မှာ နိုင်ငံတကာ အထောက်အပံ့တွေ လျှော့ချဖို့ မသင့်ပါဘူး။ နိုင်ငံရဲ့ အရေးကြီးတဲ့ ကျန်းမာရေး ကဏ္ဍအတွက် နိုင်ငံတကာ အထောက်အပံ့တွေ လိုအပ်ပါတယ်။”

ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ AIDS နေ့မှာဘဲ မြန်မာနိုင်ငံဆိုင်ရာ AIDS တိုက်ဖျက်ရေး ကုလသမဂ္ဂရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ အခု ၂၀၁၅ ခုနှစ် အတွက် မြန်မာအစိုးရဘက်ကHIV/ AIDS တိုက်ဖျက်ရေး အတွက် အမေရိကန် ဒေါ်လာ ၅ သန်း တိုးမြှင်သုံးစွဲခဲ့တဲ့ အပေါ် အသိအမှတ်ပြု ဖော်ပြထားပါတယ်။ ဒီဆောင်ရွက်ချက်ကြောင့်ဒီနှစ် စက်တင်ဘာလ အထိမြန်မာနိုင်ငံတွင်းက HIV/ AIDS ကူးစက်ခံထားရသူ ၁ သိန်းကျော်ကို ARV ဆေးဝါးတွေ ထောက်ပံ့ပေးနိုင်ခဲ့တာဖြစ်ပြီး သုံးနှစ်တာ ကာလအတွင်း ဆေးပေးနိုင်သူ ၂ ဆထိ တိုးလာတာ ဖြစ်ပါတယ်။

မြန်မာ အစိုးရဘက်က ကုသရေး လုပ်ငန်းစဉ်တွေကို တိုးမြှင့်လုပ်ဆောင်လာပေမယ့် အသိပညာပေးရေးနဲ့ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကိုတော့ တိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်လို့ မစ္စတာ Murphy က ထောက်ပြပြောဆိုပါတယ်။ မြန်မာနိုင်ငံတွင်း HIV/ AIDS ကူးစက်ခံရမှုတွေ ရှိနေဆဲဖြစ်တာကြောင့်ရည်မှန်းထားတဲ့ အတိုင်းအတာထိ လျှော့ချနိုင်ခြင်း မရှိတာကိုလည်းသူက ပြောဆိုပါတယ်။ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အတွက် မြန်မာ့ ကျန်းမာရေး စနစ်ရဲ့ လိုအပ်ချက်နဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုလည်း UNAIDS ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ Eamonn Muphy က အခုလို မှတ်ချက်ပေး ပြောဆိုပါတယ်။

“မြန်မာနိုင်ငံတွင်းမှာ HIV/ AIDS ကို တိုက်ဖျက်ရေး အတွက် နိုင်ငံတကာနဲ့ ပူးတွဲ လုပ်ဆောင်ရမယ်ဆိုတာကို မြန်မာ အစိုးရအနေနဲ့ သိရှိနားလည်ထားပါတယ်။ HIV ကူးစက်ခံထားရသူတွေ အတွက် အခုအချိန်မှာ ပိုပြီး အရေးပါတဲ့ အချက်ကတော့ မြန်မာ အစိုးရဘက်က ကုသရေး လုပ်ငန်းစဉ်တွေကို သိသိသာသာ တိုးချဲ့လုပ်ကိုင်လာတာဘဲ ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသား ကျန်းမာရေး ကဏ္ဍမှာ လူ့စွမ်းအား အရင်းအမြစ်တွေ လိုအပ်နေပါသေးတယ်။ တခြား အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ ဘက်ကလည်း ကုသပေးဖို့နဲ့ စောင့်ရှောက်ဖို့ လိုအပ်နေတဲ့ လူနာတွေကို အကူအညီတွေ ပေးရပါမယ်။ ဒါ့အပြင် ကြိုတက်ကာကွယ်ရေးကလည်း အထူးဘဲ အရေးကြီးပါတယ်။ ရောဂါ ကူးစက်ခံထားရသူတွေ အနေနဲ့လည်း ဒီရောဂါဟာ ရှက်စရာ ကောင်းတယ်လို့ ယူဆကြတာကြောင့် အစိုးရက ကုသရေး ဌာနတွေကို သွားတာထက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဆီမှာဘဲ ပိုပြီး ကုသချင်ကြတာပါ။”

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး အတွက် မြန်မာတို့ရဲ့ ဆောင်ပုဒ်ကတော့ ခွဲခြားနှိမ့်ချ ကင်းစင်ဝေး ကူးစက်သေဆုံးမှုမရှိရေး အေအာတီဖြင့် ကုသပေး ဖြစ်ပါတယ်။ ၂၀၁၆- ၂၀၂၀ ခုနှစ် အထိ ၅ နှစ်တာ အတွက် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသား မဟာဗျူဟာ စီမံကိန်း အသစ်ကိုလည်း မြန်မာအစိုးရ ကျန်းမာရေး ဝန်ကြီးဌာနက ရေးဆွဲနေပြီ ဖြစ်ပြီး ဒီစီမံကိန်းအရ HIV/ AIDS တိုက်ဖျက်ရေး နိုင်ငံတကာ လုပ်ငန်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်မယ်လို့လည်း လက်ရှိ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ သန်းအောင်က World AIDS Day မှာ ပြောဆိုထားပါတယ်။

XS
SM
MD
LG