သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၉၆၀-၂၀၁၃ နှစ်အတွင်း မြန်မာနိုင်ငံ တရားမဝင် ငွေပမာဏ ကန်ဒေါ်လာ ဘီလီယံ ၁၀၀ ရှိ


GFI report
GFI report

မြန်မာနိုင်ငံကနေ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ နီးပါးဟာ ၁၉၆၀ ခုနှစ်နဲ့ ၂၀၁၃ ခုကြား တရားမဝင် စီးဝင်စီးထွက်နေတာ တွေ့ရတယ်လို့ ဝါရှင်တန်အခြေစိုက် GFI ခေါ် Global Finance Integrity အဖွဲ့ကြီးက ဗုဒ္ဓဟူးနေ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ အခုလို တရားမဝင်ငွေတွေ ကြောင့် အခွန်ငွေကောက်ခံမှု ဆုံးရှုံးတဲ့ပမာဏဟာလည်း မြန်မာနိုင်ငံရဲ့ ကျန်းမာရေးနဲ့ ပညာရေး အသုံးစရိတ် ပမာဏနဲ့ တူနေတယ်လို့လည်း အဖွဲ့ကြီးက ထောက်ပြပါတယ်။ အပြည့်အစုံကို ကိုရဲခေါင်က စုစည်းတင်ပြထားပါတယ်။

ဝါရှင်တန်ဒီစီအခြေစိုက် နိုင်ငံတကာ ငွေကြေးစောင့်ကြည့်ရေးအဖွဲ့ တခုဖြစ်တဲ့ Global Financial Integrity (GFI) အဖွဲ့က “Flight capital and illicit financial flows to and from Myanmar: 1960-2013” လို့ ခေါင်းစဉ်တပ်ထားတဲ့ ဒီအစီရင်ခံစာကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီအစီရင်ခံစာအရ ၁၉၆၀ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း ဒေါ်လာ ဘီလီယံ ၁၀၀ နီးပါး ရှိတဲ့ တရားမဝင် ငွေကြေးတွေဟာ မြန်မာနိုင်ငံကနေ အခြားနိုင်ငံတွေကို အပြန်အလှန် စီးဝင် စီးထွက်မှု ရှိနေတယ်လို့ ဒီအစီရင်ခံစာကို ပြုစုခဲ့တဲ့ စီးပွားရေး ပညာရှင်တဦးဖြစ်တဲ့ Joseph Spanjers က ဗွီအိုအေကို ပြောပါတယ်။

“ဒီအစီရင်ခံစာမှာ စိုးရိမ်ဖွယ်ရာကောင်းတဲ့ အချက်အလက်တွေကို တွေ့ခဲ့ရပါတယ်။ အမေရိကန် ဒေါ်လာ ၁၀၀ ဘီလီယံလောက် မြန်မာနိုင်ငံကနေ တရားမဝင် စီးထွက်တာနဲ့ စီးဝင်နေတာတွေကို ၁၉၆၀ နဲ့ ၂၀၁၃ ခုနှစ်ကြားမှာ တွေ့ခဲ့ရပါတယ်။ အဲဒီ တရားမဝင် ငွေ အများစုဟာ ကုန်ပစ္စည်းပြေစာတွေမှာ တန်ဖိုး လျှော့ပြကြတာတွေ ဖြစ်ပါတယ်။ ဒါဟာ နည်းပညာသုံးတဲ့ မှောင်ခိုမှုပါပဲ။ သွင်းလာတဲ့ ကုန်ပစည်းတွေရဲ့ တန်ဖိုးအမှန်ကို မပြဘဲ လိမ်တာ ဖြစ်ပါတယ်။”

GFI အဖွဲ့က လေ့လာခဲ့တဲ့ နှစ်ပေါင်း ၅၄ နှစ်တာ ကာလအတွင်းမှာ အမေရိကန် ဒေါ်လာ ၁၈ ဘီလီယံလောက်ရှိတဲ့ ငွေကြေးတွေဟာ တရားမဝင် လမ်းကြောင်းတွေကနေ စီးထွက်နေပြီး၊ ဒေါ်လာ ၇၇ ဘီလီယံလောက်ရှိတဲ့ တရားမဝင် ငွေကြေးတွေဟာ မြန်မာနိုင်ငံထဲကို စီးဝင်နေခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

အခုလို တရားမဝင် ငွေကြေးလည်ပတ်မှုတွေ ဖြစ်ပေါ်နေတာဟာ ကုန်ပစ္စည်းတွေ ကုန်သွယ်ရောင်းဝယ်တဲ့ ပြေစာဖြတ်တဲ့နေရာမှာ တန်ဖိုးလျှော့ပြတာတို့၊ ပိုပြတာတို့ ကျယ်ကျယ်ပြန်ပြန့် လုပ်နေကြလို့ဖြစ်ပြီး၊ နိုင်ငံထဲက တရားမဝင် စီးထွက်ငွေရဲ့ ၅၉ ရာခိုင်နှုန်းနဲ့ တရားမဝင် စီးဝင်ငွေရဲ့ ၈၉ ရာခိုင်နှုန်းလောက်အထိဟာ အဲဒီအကြောင်းပြချက်ကြောင့် ဖြစ်ပေါ်လာတာ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

GFI အဖွဲ့ကနေ ဒီအစီရင်ခံစာကို ပြုစုရာမှာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF စတဲ့ အဖွဲ့အစည်းတွေက ရတဲ့ အချက်အလက်တွေနဲ့ မြန်မာအစိုးရက တရားဝင် ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေကို တိုက်ဆိုင်စစ်ဆေးပြီး ကွာဟချက်တွေကို လေ့လာ သုံးသပ်ထားတာ ဖြစ်တယ်လို့ Joseph Spanjers က ဗွီအိုအေကို ပြောပါတယ်။

အခုလို တရားမဝင် ငွေကြေးလည်ပတ်မှုတွေဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အလွန်အမင်းတိုးပွားလာပြီး၊ ၁၉၆၀ ခုနှစ်တွေမှာ မြန်မာနိုင်ငံထဲကို တရားမဝင် ငွေကြေး စီးဝင်မှု တစ်နှစ်ကို ပျမ်းမျှ ဒေါ်လာ သန်း ၄၀၀ လောက်ရှိရာကနေ၊ မျက်မှောက်ခေတ်မှာတော့ တနှစ်ကို ပျမ်းမျှ ဒေါ်လာ ၈ ဘီလီယံလောက်အထိ တိုးလာတယ်လို့ ဖော်ပြထားပါတယ်။ အလားတူ ၅၄ နှစ်တာ ကာလအတွင်းမှာ နိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ ငွေကြေး စုစုပေါင်း ဒေါ်လာ ၇၇ ဘီလီယံလောက်ရှိတဲ့အနက်၊ ထက်ဝက်နီးပါးလောက်ဟာ ပြီးခဲ့တဲ့ လေးနှစ်တာအတွင်းမှာ ဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

အခုလို တရားမဝင် ငွေကြေး ဝင်ရောက်မှုတွေကြောင့် အခွန်ငွေကောက်ခံမှုမှာ ဆုံးရှုံးတဲ့ ပမာဏဟာ မြန်မာနိုင်ငံမှာ ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ် လျာထားချက်နဲ့ ညီမျှတယ်လို့လည်း မစ္စတာ Joseph Spanjers က ပြောပါတယ်။

“မှောင်ခိုရောင်းဝယ်တဲ့ စီးပွားရေးနဲ့ ဒီ တရားမဝင် စီးဝင်စီးထွက်တဲ့ ငွေပမာဏဟာ အပြန်အလှန် ဆက်စပ်နေတာ တွေ့ရပါတယ်။ အဲဒါအပြင် အခုလို တရားမဝင်တဲ့ ငွေတွေကြောင့် အခွန်ငွေကောက်ခံမှုမှာ ဆုံးရှုံးတဲ့ ပမာဏဟာ နိုင်ငံရဲ့ ကျန်းမာရေးနဲ့ ပညာရေး အသုံးစရိတ် လျာထားချက်ထက် ပိုများနေတာ တွေ့ရပါတယ်။ အခုလို အခွန်ငွေဆုံးရှုံးမှုရဲ့ ၃၀ ရာခိုင်နှုန်းဟာ နိုင်ငံရဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ စတင် ပြုလုပ်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ဖြစ်လာတာကို တွေ့ရပါတယ်။”

ဒီလို တရားမဝင် ငွေကြေးလွှဲပြောင်းမှုတွေ ဖြစ်ပေါ်နေတာဟာ မြန်မာနိုင်ငံ စီးပွားရေးအတွက် အလွန်အရေးကြီးတဲ့ ပြဿနာဖြစ်တဲ့အတွက် လာမယ့် ရွေးကောက်ပွဲအပြီးမှာ တက်လာမယ့် အစိုးရအနေနဲ့ ဒီပြဿနာကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

“အစီရင်ခံစာအရ မြန်မာနိုင်ငံကနေ စီးဝင်စီးထွက်နေတဲ့ ငွေပမာဏဟာ အတော်လေးများနေတာ တွေ့ရပါတယ်။ ကျနော်တို့ လေ့လာခဲ့တဲ့ နိုင်ငံတွေအနက် မြန်မာနိုင်ငံဟာ တရားမဝင် ငွေတွေ စီးဝင် စီးထွက်မှု ပမာဏ အများဆုံးနိုင်ငံပါပဲ။ ဂျီဒီပီရဲ့ ရာခိုင်နှုန်းအရလည်း မြင့်မားနေတာကို တွေ့ရပါတယ်။ ဒီလိုမျိုးအနေအထားကို မူးယစ်ဆေးဝါး ရောင်းဝယ်မှု ပြသနာရှိတဲ့ နိုင်ငံတွေမှာ တွေ့ရတတ်ပါတယ်။ ဒီလိုမျိုး နိုင်ငံ့ငွေတွေ ဆုံးရှုံးမှု ကြီးမားလာမှုဟာ လာမယ့် ရွေးကောက်ပွဲကနေပြီးတော့ နောက်တက်လာမယ့် အစိုးရသစ်က ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံရဲ့ GDP ဟာ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ခန့်မှန်းချက်အရ ဒေါ်လာ ၆၀ ဘီလီယံခန့် ရှိမယ်လို့ သိရပါတယ်။ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွက် ပညာရေးအသုံးစရိတ် ဒေါ်လာ ၁.၄ ဘီလီယံရှိပြီး၊ ကျန်းမာရေးအသုံးစရိတ် ဒေါ်လာ ၇၅၇ သန်း ရှိနေချိန်မှာ ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ၂.၇ ဘီလီယံထိ လျာထားခဲ့တာကို တွေ့ရပါတယ်။

XS
SM
MD
LG