သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျီဘရော်လ်တာ ကိစ္စ ဗြိတိန်-စပိန် တိုက်ရိုက်ဆွေးနွေးမည်


စပိန်ဝန်ကြီးချုပ် Pedro Sanchez
စပိန်ဝန်ကြီးချုပ် Pedro Sanchez

Brexit လို့ခေါ်တဲ့ ဗြိတိန် အီးယူထဲက နုတ်ထွက်ရေးနဲ့ပတ်သက်လို့ အီးယူ ဥရောပသမဂ္ဂက ထောက် ခံပေးမယ့် အရေးပါတဲ့စည်းဝေးပွဲမတိုင်ခင် တရက်အလိုမှာ Gilbraltar အနာဂတ် အရေးနဲ့ပတ်သက်လို့ ဥရောပကောင်စီ ဥက္ကဋ္ဌ Donald Tusk နဲ့ စပိန်ဝန်ကြီးချုပ် Pedro Sanchez တို့အကြား သဘောတူညီမှု ရလိုက်ပါပြီ။ Brexit ကိစ္စမှာ Gilbraltar အရေးဟာ အဟန့်အတားအဖြစ် တည်ရှိနေတာပါ။

၁၇၁၃ ခုနှစ်က ဗြိတိသျှတို့က သိမ်းပိုက်လိုက်ပေမယ့် စပိန်နိုင်ငံက သူတို့ပိုင်ဆိုင်ကြောင်း ကနေ့အထိ ပြောနေတဲ့ Gilbraltar အရေးကို အီးယူ-ဗြိတိန် ဆက်ဆံရေးသစ်နဲ့ဆိုင်တဲ့ ကြေညာစာတမ်းကနေ ဖြုတ်ချပေးဖို့ စပိန်နိုင်ငံဘက်က တောင်းဆိုနေခဲ့တာပါ။ သဘောတူညီချက် ရလိုက်ပြီဖြစ်တာကြောင့် ဒီကိစ္စကို စပိန်နဲ့ ဗြိတိန်တို့အကြား တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးသွားကြတော့မှာ ဖြစ်ပါတယ်။

Gilbraltar ရဲ့ အနာဂတ်အရေးကို ဆုံးဖြတ်တဲ့နေရာမှာ စပိန်ဘက်က ဗီတိုအာဏာရှိရမယ်ဆိုတဲ့ အချက်ကို ဗြိတိန်နဲ့ အီးယူအဖွဲ့ဝင်နိုင်ငံတွေဘက်က အတည်ပြုမပေးရင် အီးယူထိပ်သီးစည်းဝေးပွဲကို သပိတ်မှောက်မယ်လို့ စပိန် ဝန်ကြီးချုပ် Sanchez က ခြိမ်းခြောက်ထားတာပါ။

စပိန်နဲ့ ဗြိတိန်က စေ့စပ်ညှိနှိုင်းရေးမှူးတွေ အီးယူအရာရှိတွေနဲ့ ညလုံးပေါက် ဆွေးနွေးပြီးတဲ့နောက်မှာ ဒီ သဘောတူညီချက်ကို ရလိုက်နိုင်တာ ဖြစ်ပါတယ်။

Gilbraltar အရေးနဲ့ပတ်သက်လို့ စပိန်အနေနဲ့ ဗြိတိန်နဲ့ တိုက်ရိုက် ဆွေးနွေးခွင့် ရှိသွားပြီဖြစ်ကြောင်း ဝန်ကြီးချုပ် Sanchez က ပြောကြားလိုက်ပြီး ဗြိတိန် အီးယူထဲက နုတ်ထွက်မယ့် Brexit အဆိုပြုချက်ကို ထောက်ခံမဲ ပေးသွားမယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG